Tuesday, December 1, 2015


လာမည့် အထွေထွေရွေးကောက်ပွဲကြီးနှင့် မူဝါဒအပြောင်းအလဲကို စောင့်ကြည့်နေခြင်း၊ မြန်မာငွေတန်ဖိုးကျဆင်းခြင်း၊ဂျပန်လေလံစျေးမြင့်တက်ခြင်းတို့ကြောင့် လက်ရှိပြည်တွင်းကားစျေးကွက်အတွင်းအရောင်းအဝယ်အေးစက်လျက်ရှိသည်။သို့သော် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၏ ၂၀၁၅ သြဂုတ် ၃၁ ရက်နေ့ စာရင်းများအရလက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အိမ်စီးကားအရေအတွက် လေးသိန်းခွဲ ၀န်းကျင် (၄၃၈,၀၉၁ စီး) ရှိပြီးအစိုးရသစ်လက်ထက် ငါးနှစ်တာကာလအတွင်း ပြည်တွင်းကားစျေးကွက်များစွာဖွံ့ဖြိုးလာခဲ့သည်မှာမျက်မြင်ပင်ဖြစ်သည်။ ကားအရောင်းပြခန်းများ၊ တစ်နိုင်တစ်ပိုင်ကားရောင်းချသူများများစွာပေါ်ထွက်လာခဲ့ပြီး ၀ယ်လိုအားများပြားသဖြင့် ကားရောင်းအားများလည်းသိသိသာသာတိုးတက် ဖွံ့ဖြိုးခဲ့သည်။

အွန်လိုင်းကားအရောင်းအဝယ်စျေးကွက်ဖြစ်သည့် Motors.com.mm အနေဖြင့် လွန်ခဲ့သည့် တစ်နှစ် အတွင်းကားကြော်ငြာတင်ရောင်းချမှုပေါင်းတစ်သန်းကျော်ကိုအခြေခံသည့် အချက်အလက်လေ့လာဆန်းစစ်မှု တစ်ရပ်ကို ပြုလုပ်ခဲ့ပြီး ပြည်တွင်းစျေးကွက်အတွင်းရောင်းထွက်ရန် အမြန်ဆုံးကားများကိုလေ့လာမှုပြုလုပ်ခဲ့ သည်။ Motors.com.mm ၏ အချက်အလက်လေ့လာမှုသည် ကားအမျိုးအစားများအလိုက်သာ ပြုလုပ်ခဲ့ခြင်းဖြစ် ပြီးကားထုတ်လုပ်သည့် Model Year ၊ ဂရိတ်ခွဲ၊ အင်ဂျင်ပါ၀ါအမျိုးအစားတို့အလိုက် စျေးနှုန်းကွာခြားသည့် စျေးကွက်သဘောအရအရောင်းထွက်မှုအခြေအနေမှာလည်းအနည်းငယ်ကွာခြားမှု ရှိနိုင်ပါသည်။
လူကြိုက်များသောကားအမျိုးအစားဖြစ်သည့် Honda Fit သည် ပြည်တွင်းစျေးကွက်တွင် ရောင်းထွက်ရန် အမြန်ဆုံးကားအမျိုးအစားဖြစ်ကြောင်း Motors.com.mm ၏ လေ့လာမှုကဆိုသည်။ Honda Fit သည် ပျှမ်းမျှ အားဖြင့် အရောင်းကြော်ငြာတင်ပြီး ၅.၄ ရက် အတွင်းမှာပင် ကားဝယ်သူများက ရွေးချယ်ဝယ်ယူလေ့ရှိကြောင်း တွေ့ရှိရသည်။ Honda Fit သည် ဆီစားသက်သာသည့်အပြင် ဒီဇိုင်းပိုင်းဆန်းသစ်ခြင်း၊ ကားကြံခိုင်မှုကောင်းမွန် သလိုအင်ဂျင်ရုန်းအားကောင်းမွန်ခြင်း၊ ပြန်လည်ရောင်းချရန် လွယ်ကူခြင်း၊ မြို့တွင်းသုံးဖြစ်သည့်အတွက် အလွယ် တကူကားပါကင်ထိုးနိုင်ခြင်းစသည့်အားသာချက်များကြောင့် စျေးကွက်အတွင်းလူကြိုက်အများဆုံးနှင့် အရောင်းသွက်ဆုံးကားတစ်စီးဖြစ်သည်။
ရောင်းထွက်ရန် ဒုတိယအမြန်ဆုံးကားမှာမူစျေးကွက်အတွင်းအရောင်းသွက်အိမ်စီးကားများဖြစ်သည့် Toyota Vitz/ Ractis/ Proboxစသည်ကားအမျိုးအစားများ ဖြစ်ပြီး ပျှမ်းမျှအားဖြင့် အရောင်းကြော်ငြာတင်ပြီး ၆.၉ ရက်အတွင်းရောင်းထွက်လေ့ရှိသည်။ Toyota Vitz နှင့် Ractisတို့မှာ Honda Fit ကဲ့သို့ပင် Toyota တံဆိပ်တွင် လူကြိုက်များ မြို့တွင်းသုံးကားများဖြစ်ပြီးVitzသည် ကားအရွယ်အစားသေးငယ်ခြင်း၊ လုံခြုံရေးစနစ်ကောင်းမွန် ခြင်းတို့ကြောင့်လည်းကောင်း၊ Ractisမှာမူ ကြံခိုင်မှုကောင်းမွန်ခြင်းတို့ကြောင့်လည်းကောင်းလူကြိုက်များခြင်း ဖြစ်သည်။ Toyota Proboxမှာအဌားယာဉ် (Taxi)အဖြစ်အများဆုံးအသုံးပြုလျက်ရှိပြီးဘက်စုံသုံးနိုင်ခြင်း နှင့် ကားကြံခိုင်မှုကောင်းမွန်ခြင်းအားသာချက်များရှိသည်။
Motors.com.mm ၏ လေ့လာမှုအရ Toyota အမှတ်တံဆိပ်ကားအများစုသည် မြန်မြန်ရောင်းထွက်လေ့ရှိသည်ကိုတွေ့ရပြီး ပျှမ်းမျှအားဖြင့် အရောင်းကြော်ငြာတင်ပြီးရက်ပေါင်း( ၂၀)အတွင်းရောင်းထွက်လျက်ရှိသည်။ ထို့ကြောင့်ပင် Motors.com.mm ၏ အရောင်းအသွက်ဆုံးကားများစာရင်းတွင် Toyota ကားများမှာအများဆုံး ပါ၀င်ပြီးအရောင်းအသွက်ဆုံးနံပါတ် (၂)မှ နံပါတ် (၉) အထိကို Toyota ကားများကနေရာယူထားသည်။
ရောင်းထွက်ရန်အမြန်ဆုံးတတိယနေရာတွင်လည်း မြန်မာအကြိုက်ကားများဖြစ်သော Toyota Crown နှင့် Toyota Wish တို့ကပူးတွဲရပ်တည်လျက်ရှိသည်။ ဇိမ်ခံဆလွန်းကားဖြစ်သည့် Toyota Crown နှင့် ဇိမ်ခံ စတေရှင်ဝက်ဂွန်ကားဖြစ်သည့် Toyota Wish တို့သည် ရောင်းချရန်ကြော်ငြာတင်ပြီးရက်သတ္တပတ် တစ်ပတ်ကျော်အတွင်း (၇.၄ ရက်) မှာပင် ရောင်းထွက်လေ့ရှိသည်။ Crown မှာယခင်ကတည်းကလူကြိုက်များခဲ့သည့် ကားအမျိုးအစားဖြစ်ပြီးအင်ဂျင်ပိုင်း ချို့ယွင်းချက်နည်းပါးခြင်း၊ မြန်မာပြည်၏ လမ်းအခြေအနေနှင့် လိုက်လျောညီထွေ ဖြစ်ခြင်းတို့ကြောင့် ထွက်သမျှ မော်ဒယ်တိုင်းတွင် လူကြိုက်များခဲ့သည်ကိုတွေ့ရသည်။ Toyota Wish မှာမူ ကားမူဝါဒပြောင်းလဲပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းလူကြိုက်များလာသည့် ကားမော်ဒယ်ဖြစ်ပြီးထိုင်ခုံသုံးတန်း ပါ၀င် သဖြင့် မိသားစုအသုံးပြုနိုင်ခြင်း၊ မိသားစုသုံးကားအမျိုးအစားများတွင် ဆီစားသက်သာခြင်း၊ ဒီဇိုင်းဆန်းသဖြင့် လူကြီးလူငယ်မရွေးနှစ်သက်ကြခြင်းစသည့်အားသာချက်များကြောင့် လူကြိုက်များလျက်ရှိသည်။
အရောင်းသွက်ဆုံးစတုတ္တနေရာတွင် Toyota Mark II တည်ရှိပြီးအွန်လိုင်းတွင်ကြော်ငြာပြီး (၉.၈) ရက် အတွင်းရောင်းထွက်လေ့ရှိသည်ကိုတွေ့ရသည်။ ပဥ္စမနေရာတွင် မိသားစုသုံးဗင်ကားအမျိုးအစားဖြစ်သည့် Toyota Noah နှင့် Toyota Alphardတို့ရှိပြီးအွန်လိုင်းတွင် ကြော်ငြာတင်ပြီး (၁၁.၁) ရက်အတွင်းရောင်းထွက် လေ့ရှိသည်။ Toyota Alphardသည် ကားမူဝါဒများပြောင်းပြီးနောက်ပိုင်း တင်သွင်းမှုများပြီးအရောင်းသွက်သည့် ဇိမ်ခံစတေရှင်ဗင်ကားဖြစ်သည်။ ခုံသုံးတန်းပါ၀င်သဖြင့် ခရီးသည် ခုနှစ်ယောက်အထိစီးနင်းနိုင်ခြင်း၊ အတွင်းခန်း ကျယ်ဝန်းမှုခြင်း၊ သက်တောင့်သက်သာရှိခြင်းတို့ကြောင့် ခရီးဝေးသွားခြင်းအတွက် အထူးသင့်လျော်ပြီး Travel & Tours များ၊ ကုမ္မဏီကားများအဖြစ် အသုံးများသည်ကိုတွေ့ရသည်။ Toyota Noah သည်လည်းAlphardကဲ့သို့ ဗင်ကားအမျိုးအစားဖြစ်ပြီးAlphardကဲ့သို့ ဘက်စုံအသုံးပြုနိုင်ပြီးAlphardထက် ဆီစားသက်သာခြင်း၊ စျေးသက်သာခြင်းစသည့်အားသာချက်များကြောင့် ၂၀၁၅ နှစ်စပိုင်းမှစ၍ လူကြိုက်များလာခဲ့ခြင်း ဖြစ်သည်။
အရောင်းရအသွက်ဆုံးနံပါတ် (၆) နှင့် (၇) နေရာတွင် Toyota Belta နှင့် Toyota Caldina Van တို့ အသီးသီးရပ်တည်လျက်ရှိသည်ကိုတွေ့ရသည်။ Toyota Belta က ရက်ပေါင်း( ၁၆.၇) ရက်၊ Toyota Caldina Van က ရက်ပေါင်း  (၁၈.၄) ရက်အတွင်းရောင်းထွက်လေ့ရှိကြောင်းသိရသည်။
ရောင်းထွက်ရန် ပျှမ်းမျှရက်ပေါင်း (၂၀)ကျော်ကြာမြင့်လေ့ ရှိသည့် ကားများမှာမူ SUV ကားများဖြစ်သည် ကိုတွေ့ရသည်။ အွန်လိုင်းတွင် အရောင်းကြော်ငြာတင်ပြီးနောက် Toyota Kluger (၂၀.၈) ရက်၊ Toyota Landcruiser (၂၃) ရက်၊ Mitsubishi RVR (၂၉.၇) ရက်အတွင်းအသီးသီးရောင်းချရလေ့ရှိကြောင်းတွေ့ရှိရသည်။
ပြည်တွင်းကားစျေးကွက်အတွင်းရှိရောင်းချရန် အမြန်ဆုံးကားများနှင့် ပက်သက်၍ Motors.com.mm၏ Managing Director ဖြစ်သည့် Ms.RianneRoggema က “လက်ရှိမှာ ပြည်တွင်းကားစျေးကွက်ကအေးနေဦးမှာ ဖြစ်ပေမယ့် ရွေးကောက်ပွဲပြီးသွားရင်၊ ဘယ်မောင်းညာမောင်းနဲ့ Model Year ကိစ္စလည်းရှင်းရှင်းလင်းလင်း ဖြစ်သွားရင် ကားစျေးကွက် ပုံမှန်အရောင်းအဝယ်ပြန်ဖြစ်လာမယ် ထင်ပါတယ်။ ဒီလိုကိစ္စတွေ ရှိပေမယ့် ကားတွေ အများကြီးသွင်းကြ၊ ရောင်းကြ၊ ၀ယ်ကြဦးမှာ ဖြစ်သလိုကားစျေးကွက်ကလည်းတိုးတက်လာဦးမှာ ဖြစ်ပါတယ်။ ကားတွေရောင်းကြဝယ်ကြတဲ့အခါ ဒီအချက်အလက်တွေကိုကျိန်းသေအထောက်အကူ ဖြစ်မှာပါ။ ဒီအချက် အလက်လေ့လာမှုက ကားဝယ်မယ့်သူတွေ အတွက် ကားဝယ်ဖို့ဆုံးဖြတ်ရာမှာ ကူညီပေးနိုင်မှာ ဖြစ်ပါ တယ်။ ဒါ့အပြင် ကားအရောင်းအဝယ်လုပ်သူတွေအတွက်လည်း အတိုင်းအတာတစ်ခုအထိအထောက်အပံ ဖြစ်လိမ့်မယ် လို့မျှော်လင့်ပါတယ်။ ဘယ်လိုကားမျိုးက ပြန်ရောင်းရင် အမြန်ရောင်းထွက်မယ်။ ဘယ်ကားကတော့ ပြန်ရောင်းရင် ကြာတတ်တယ် ဆိုတာကိုတိကျတဲ့ အချက်အလက်တစ်ခုအပေါ်မှာအခြေတည်စဉ်းစားလို့ ရသွားတာပေါ့။” ဟုပြောကြားသည်။

No comments: