Thursday, February 26, 2015

တိုင်းရင်းသားစာပေဆိုင်ရာနှီးနှောဖလှယ်ပွဲ ကျင်းပမည်





လွန်ခဲ့သော နှစ်နှစ်တာကာလ အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း တိုင်းရင်းသား လူမျိုးစုများ မှီတင်းနေထိုင်ရာ ပြည်နယ်ကြီး ၇ ခု (ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်) တို့တွင် ဗြိတိသျှကောင်စီမှ ဝတ္ထုတို အလုပ်ရုံ ဆွေးနွေးပွဲ (short story workshop) များမှ တဆင့် တိုင်းရင်းသားစာပေဖြင့် လွတ်လပ်စွာ ဖန်တီးခွင့် နှင့် ထုတ်ဖေါ်တင်ပြခွင့်တို့ကို ပံ့ပိုးမှု ပြုလုပ်ခဲ့ပါသည်။

ယခုအခါ အဆိုပါ Hidden Words, Hidden Worlds ဟု အမည်ပေးထားသည့် ပရောဂျက်၏ရလာဒ်အဖြစ် တိုင်းရင်းသားစာပေ ၁၀ မျိုး (စကောကရင်၊ ပိုးကရင်၊ မွန်၊ ဂျိမ်းဖော၊ ရှမ်း၊ လိုင်ဟားခါး၊ ကယမ်း၊ ကယား၊ ကယော၊ ရခိုင်)မှ မြန်မာဘာသာသို့ ပြန်ဆိုကာ မူရင်း တိုင်းရင်းသားဘာသာနှင့် ပူးတွဲ၍ ဖေါ်ပြထားသော၂ ဘာသာ ဝတ္ထုတိုပေါင်းချုပ်စာအုပ်ကို ၂၀၁၅ ခုနှစ်၊ မေလတွင် ပုံနှိပ် ထုတ်ဝေတော့မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ တစ်နံတစ်လျားမှ စာပေ ယဉ်ကျေးမှု၏ နက်ရှိုင်းမှုကို စင်တင်ပြသရန် ရည်ရွယ်၍ မိလေးမွန်၊ Rev.N-Gan Tang Gun ၊ စောချစ်သန်း အစရှိသည့် တိုင်းရင်းသား စာရေးဆရာ ၂၀ ကျော်၊ ပုံနှိပ်ထုတ်ဝေသူများနှင့် ချင်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့မှ စာပေနှင့် ယဉ်ကျေးမှုအသင်းများမှ ဥက္ကဌများ ပါဝင်သော နှစ်ရက်တာ တွေ့ဆုံနှီးနှော ဖလှယ်ပွဲကို ဗြိတိသျှကောင်စီ နှင့် PEN Myanmar တို့မှ စီစဉ်၍ ရန်ကုန်မြို့တွင် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်များတွင် ကျင်းပမည် ဖြစ်ပါသည်။

ပထမနေ့ (သောကြာနေ့၊ ၂၀၁၅ မတ်လ ၁၃) နေ့တွင် ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီရုံး၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်း ၇ သင်းမှ ဥက္ကဌများနှင့် ရန်ကုန် အခြေစိုက် စာပေနယ်ပယ်မှ ကိုယ်စားလှယ်များမှ ၎င်းတို့အကြား ခိုင်မြဲသော ဆက်ဆံရေးကို စတင် တည်ဆောက်ရန် ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ပြီး ဒုတိယနေ့ (စနေနေ့၊ ၂၀၁၅ မတ်လ ၁၄) နေ့တွင် ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery (ရန်ကုန် အနုပညာပြခန်း) တွင် အများပြည်သူများ တက်ရောက်ခွင့်ရှိမည့် အဖွဲ့ငယ်များခွဲ၍ ဆွေးနွေးပွဲ (panel discussion) များကို ပြုလုပ်မည်ဖြစ်ပြီး တိုင်းရင်းသား ကဗျာများအကြောင်း၊ တိုင်းရင်းသား စာပေဖြင့် ထုတ်ဝေသော ဂျာနယ်များအကြောင်း၊ စာသင်ကျောင်းများတွင် တိုင်းရင်းသားစာပေနှင့် ဘာသာရပ်များ ထည့်သွင်း သင်ကြားရေး စသည့် စိတ်ဝင်စားဖွယ် အကြောင်းအရာ အစုံအလင်တို့ကို ဆွေးနွေး ဖလှယ်ကြမည် ဖြစ်ပါသည်။ ၎င်းအပြင် ဆန်းသစ် စာပေ အရေးအသားဆိုင်ရာ (Creative Writing lecturer) ကထိက တစ်ဦးဖြစ်ပြီး Bones Will Crow (အရိုးတွန်သံ) စာအုပ်၏ ပူးတွဲစာရေးဆရာ တစ်ဦးဖြစ်သူ နာမည်ကျော် ဗြိတိသျှ ကဗျာဆရာ James Byrne နှင့် တွေ့ဆုံခြင်း ကဏ္ဍတစ်ခု ဖြစ်သည့် "James Byrne နှင့် စကားစမြည်" (In Conversation with James Byrne) အထူး အစီအစဉ်ကို ထည့်သွင်း စီစဉ်ထားပါသည်။
  
PEN Myanmar မှ ဆရာမ မသီတာ (စမ်းချောင်း) က မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိ တည်တန့်စေရန် လူနည်းစုများ၏ စာပေများကို ပြုစုပျိုးထောင်ပေးရန် လိုကြောင်း၊ စာပေသည် လူမျိုးတစ်ခု၏ ယဉ်ကျေးမှု ဓလေ့များကို လေ့လာရာတွင် အခရာကျကြောင်း၊ ထို့ကြောင့် ယခု တွေ့ဆုံဆွေးနွေးပွဲသည် အရေးပါသော ဆွေးနွေးပွဲ တစ်ရပ်ဖြစ်ကြောင်း ပြောကြားပါသည်။

ပြခန်းအတွင်းရှိ ပြပွဲ သင်ပုန်းများတွင် Hidden Words, Hidden Worlds ဝတ္ထုတို အလုပ်ရုံ ဆွေးနွေးပွဲ workshop များ၏ သမိုင်းမှတ်တမ်း ဓါတ်ပုံများအပြင် ဝတ္ထုတို ဇာတ်လမ်းများမှ ကောက်နှုတ်တင်ပြချက်များ အချို့ကိုလည်း ပြသထားမည် ဖြစ်ပါသည်။ ပြခန်းငယ် ၁၅ ခန်းပါဝင်သော ပွဲကျင်းပရာနေရာ ကွင်းပြင်နေရာအတွင်း ပုံနှိပ်ထုတ်ဝေသူများ၊ စာအုပ်တိုက်များမှ စာအုပ်ဈေးရောင်းပွဲတော် တစ်ခုပါ ကျင်းပမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသူ စာပေဝါသနာရှင် မည်သူမဆို နံနက် ၉:၃၀ မှ ညနေ ၅:၀၀ နာရီ အထိ မတ်လ (၁၄) ရက် (စနေနေ့) တွင် ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery သို့ ကြွရောက်နားဆင်အားပေးကြည့်ရှုနိုင်ကြောင်း သိရသည်။

အာဆီယံနိုင်ငံများအတွင်း နည်းပညာပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ ပေါင်းကူးလုပ်ကိုင်နိုင်ရန် လိုအပ်လာ




ASEAN free trade technology အတွက် ထုတ်ပြန်ခဲ့သော စစ်တမ်းအရ အာဆီယံနိုင်ငံများအတွင်း နည်းပညာလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လိုသူ ၇၁% အထိရှိနေပြီး တိုးချဲ့လုပ်ကိုင်လိုသော လုပ်ငန်းနယ်ပယ် များစွာအတွင်း တတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။ အာဆီယံနိုင်ငံများအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ဖြေဆိုခဲ့သည့် စစ်တမ်းအရ ဆောက်လုပ်ရေး၊ ပညာရေးနှင့် နည်းပညာ လုပ်ငန်းနယ်ပယ်တို့မှာ စီးပွားရေး လုပ်ငန်းချဲ့ထွင်လုပ်ကိုင်ရန် အလားအလာအရှိဆုံး လုပ်ငန်းနယ်ပယ်များဖြစ်ကြောင်း တွေ့ရှိရပါသည်။
အာဆီယံနိုင်ငံများအတွင်း နည်းပညာလုပ်ငန်းများ လွပ်လပ်စွာ ပေါင်းကူးလုပ်ဆောင်နိုင်လျှင် နည်းပညာပစ္စည်းများ တင်သွင်းခြင်း၊ ICT infrastructure များတည်ဆောက်ခြင်း၊ နည်းပညာ ကျွမ်းကျင်လုပ်သားများအတွက် အလုပ် အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်ခြင်း၊ အောင်မြင်ပြီးဖြစ်သော ပြည်တွင်း နည်းပညာလုပ်ငန်း အချင်းချင်း ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် လုပ်ငန်းချဲ့ထွင်နိုင်ခြင်း စသော အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း Work.com.mm ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်မှ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ICT infrastructure များ စတင်တိုးချဲ့ လုပ်ကိုင်လျှက်ရှိနေသည့် အချိန်တွင် အာဆီယံနိုင်ငံအချင်းချင်း ပူးပေါင်းလုပ်ကိုင်နိုင်မည်ဆိုပါက နည်းပညာကုမ္ပဏီကြီး များအပြင် အလတ်စားနှင့် အသေးစားလုပ်ငန်းများအတွက်ပါ အခွင့်အလမ်းများရရှိ နိုင်မည်ဖြစ်ပါသည်။
 လေ့လာချက်များအရ အာရှနိုင်ငံတစ်နိုင်ငံတွင် အင်တာနက် broadband penetration ၁၀% တိုးတက်လာတိုင်း နိုင်ငံ့ GDP ပျှမ်းမျှ ၁.၃% မြင့်တက်နိုင်ပြီး မိုဘိုင်း သိပ်သည်းဆ ၁၀% တိုးတက်လာပါက GDP ၀.၇% မြှင့်တင်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် နည်းပညာလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ခြင်းသည် နိုင်ငံ GDP တိုးတက်ရေးတွင်လည်း သက်ရောက်မှုရှိလာနိုင်ပြီး အွန်လိုင်း စီးပွားရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် အာရှ-ပစိဖိတ် ဒေသများတွင် အင်တာနက် စီးပွာရေးလုပ်ငန်းများ ကျယ်ပြန့်စွာ ပူးပေါင်းလုပ်ကိုင်လျှက်ရှိသော Asia Pacific Internet Group ကြီးတွင် ၂၀၁၄တွင် အင်တာနက်ကုမ္ပဏီပေါင်း ဆယ်ခုဖြင့် စတင်ခဲ့သော်လည်း ယခု ကုမ္ပဏီပေါင်း ၁၄ခုတို့မှ ပူးပေါင်းပါဝင် လျှက်ရှိနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။
“ အာရှ နည်းပညာကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အဓိက အခက်အခဲကြုံနေရတာက နိုင်ငံတစ်ခုချင်းရဲ့ မတူညီတဲ့ မူဝါဒတွေ၊ ဆွဲဆောင်နိုင်မှုရှိတဲ့ ဈေးကွက်အနေအထား နည်းပါးနေတာတွေနဲ့ ပြည်တွင်း ကျွမ်းကျင်သူတွေရှားပါးတဲ့ ပြဿနာတွေပါပဲ။ Work.com.mm လို ပြည်တွင်းအတွက် အခမဲ့ အလုပ်အကိုင်ရှာဖွေနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုကိုတောင် အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ဖို့အတွက် အတားအဆီးမျိုးစုံ ကြုံတွေ့ခဲ့ရရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပွားရေးအရ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲမယ်ဆိုတာ ကျွန်မတို့ အားလုံးမှန်းဆ နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပူးပေါင်းလုပ်ကိုင် နိုင်ပြီဆိုရင်လည်း အာရှနိုင်ငံတွေ အားလုံးအတွက် အကျိုးရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Work.com.mm ၀က်ဘ်ဆိုက်မှ Country Manager ဖြစ်သူ Marta Zwierz ကပြောသည်။
မြန်မာနိုင်ငံတွင် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းအမျိုးအစားပေါင်း ၅၀ ကျော်နှင့် ကုမ္ပဏီပေါင်း ထောင်ကျော် လုပ်ကိုင်လျှက်ရှိနေပြီဖြစ်ပြီး နိုင်ငံတကာ အင်တာနက် စီးပွားရေးလုပ်ငန်းများ အခြေစိုက်လုပ်ကိုင်လာကြပြီ ဖြစ်သောကြောင့် ပြည်တွင်း နည်းပညာ ကျွမ်းကျင်ဝန်ထမ်းလိုအပ်မှုမှာ မြင့်တက်လျှက်ရှိနေကြောင်း သိရှိရပါသည်။ Work.com.mm အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်မှ ကောက်ယူခဲ့သော စစ်တမ်းအရ ပြည်တွင်း ကျွမ်းကျင်လုပ်သားထု၏ ၅၀% မှာ နည်းပညာနှင့် ဆက်စပ်လုပ်ငန်း မျိုးစုံတို့တွင် ၀င်ရောက်လုပ်ကိုင်လျှက်ရှိနေကြပြီး ကွန်ပျုတာနှင့် အိုင်တီ နယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်း အပေါများဆုံး နံပါတ် (၁) နေရာတွင် ရပ်တည်လျှက်ရှိကြောင်း သိရှိရပါသည်။



FMI Air မှ လေယာဉ်ပျံသန်း ဝန်ဆောင်ခွင့် လက်မှတ်ရရှိခြင်း အထိမ်းအမှတ် အဖြစ် ရေစက်သွန်းချ တရားတော်နာ မင်္ဂလာ ချီးမြှောက်ပြီး ရန်ကုန်သို့ စတင်ပျံသန်း



 ရန်ကုန်၊ ၂၆ ရက်၊ ဖေဖော်ဝါရီလ၊ ၂၀၁၅ - FMI Air သည် လေကြောင်းညွှန်ကြားမှူ ဦးစီးဌာန မှ လေယာဉ်ပျံသန်း ဝန်ဆောင်ခွင့် လက်မှတ် (AOC) လက်ခံရရှိခြင်း အထိမ်းအမှတ် အခမ်းအနားကို နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ လေယာဉ်ပျံသန်းခြင်း စတင်ခြင်းမပြုမှီ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၍ ဘေးအန္တရာယ်ကင်းဝေးကာ အောင်မြင်ချောမွေ့ စေရန်အတွက် ဒေသတွင်း ပျံသန်းမည့် Bombardier CRJ-200 အား သံဃာတော်များမှ ပရိတ်တရားတော်များ ရွတ်ဖတ်ပြီး ဆုတောင်း မေတ္တာပို့သခဲ့ကြပါသည်။

FMI Air သည် နေ့စဉ် ပုံမှန် အချိန်စာရင်းလိုက် ပျံသန်း ဝန်ဆောင်မှု (full scheduled airline) ပေးသော လေကြောင်းလိုင်းအဖြစ်လည်း ပြောင်းလဲလုပ်ကိုင်မည်ဖြစ်ပြီး မန္တလေးသို့ နေ့စဉ်ပျံသန်း ပြေးဆွဲမှုအား မတ်လ အလယ်တွင် စတင်သွားမည့် ဝန်ဆောင်မှုအသစ်များနှင့် စပ်လျဉ်းပြီုး မကြာမီက ထုတ်ပြန်ကြေညာခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး Mark McDowell နှင့် Bombardier အရောင်းဌာန ၏ ဌာနေ ဒုတိယ ဥက္ကဌ ဖြစ်သူ Mr. Frank Baistocchi တို့မှ နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Bombardier အား မြန်မာနိုင်ငံမှကြိုဆိုခဲ့ကြပါသည်။ FMI Air သည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးအနေဖြင့် ကနေဒါနိုင်ငံ Bombardier ကုမဏီ မှတင်သွင်းသည့် ယုံကြည်စိတ်ချရသော ဂျက်လေယာဉ်အမျိုးအစား ဖြစ်သည့် CRJ 200 လေယာဉ်ဖြင့် ဝန်ဆောင်မှုပေး လုပ်ကိုင်ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
  
FMI Air သည် လက်ရှိတွင် ရန်ကုန်-နေပြည်တော် ခရီးစဉ် နေ့စဉ် သုံးကြိမ် ပုံမှန် ပျံသန်းပြေးဆွဲလျက် ရှိပါသည်။

Tuesday, February 24, 2015

အပြည်ပြည်ဆိုင်ရာဈေးကွက်များတွင် ရွှေ၊ငွေကြေးနှင့် စတော့ရှယ်ယာအရောင်းအ၀ယ်(Online) လက်တွေ့ပြုလုပ်နည်းသင်တန်း

နိုင်ငံတကာနှင့် မြန်မာ့ ရွှေ ငွေကြေး ဈေးကွက်တွင်ဝင်ရာက်လိုသောသူများ၊ပြည်တွင်းမှနေပြီး ရွှေ၊ငွေကြေးနှင့် စတော့ဝယ်ရောင်းလုပ်လိုသောလုပ်ငန်းရှင်များနှင့် အကျိုး ဆောင်ကြီးများ၊ လက်တွေ့လုပ်ဆောင်နိုင်ရန်နှင့်လုပ်ငန်းဆောင်ရွက်ရာတွင်လွယ်ကူနားလည်တတ်ကျွမ်းစေရန်ရည်ရွယ်လျှက်Myanmar Golden Link နှင့် Tip Top Education Group တို့ပူးပေါင်း၍"အပြည်ပြည်ဆိုင်ရာဈေးကွက်များတွင် ရွှေ၊ငွေကြေးနှင့် စတော့ရှယ်ယာအရောင်းအ၀ယ်လက်တွေ့ပြုလုပ်နည်း"သင်တန်းကို ၂၀၁၅ မတ်လ ၂ ရက်နေ့မှ ၆ ရက်နေထိ မန္တလေးမြို့နှင့် မတ်လ ၁၆ ရက်နေ့မှ မတ်လ ၂၀ ရက်နေ့ထိရန်ကုန်မြို့ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရပါ သည်။

သင်ကြားပို့ချပေးမည့်ဘာသာရပ်များမှာ အွန်လိုင်းအသုံးပြုလျှက် နိုင်ငံတကာရွှေ၊ငွေကြေး ဈေးကွက်တွင် ရောင်း/၀ယ်ခြင်း Introduction to Electronic Financial Trading ( Online Gold Trading) ရွှေ၊ငွေကြေး နှင့် စတော့ရှယ်ယာများ ရောင်း/၀ယ်ခြင်း မိတ်ဆက် Introduction to Share Trading CFDs နည်းအသုံးပြုပြီး ရွှေ၊ငွေကြေး ရောင်းဝယ်ခြင်း Introduction to CFDs နိုင်ငံတကာငွေကြေးများ ရောင်း/၀ယ်ခြင်း Introduction to Forex Trading( Currency Trading) စသည့်ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားပို့ချပေး မည်ဖြစ်ကြောင်း သိရပါသည်။

သင်တန်းတက်ရောက်မည့်သူများသည် အွန်လိုင်း အင်တာနက်အသုံးပြုတတ်သူများဖြစ်ရန်လိုအပ်ပြီး သင်တန်းတက်ရောက်ပါ အင်တာနက်ပါအသုံးပြုနိုင်သော ဖုန်း(သို့) တက်ဘလက်(သို့) လက်တော့ပ် ယူဆောင်လာရန်လိုအပ်ပါသည်သင်တန်းသားများထဲမှလက်တွေ့စမ်းသပ်လုပ်ကိုင်လိုသူများကို Demo Account ဖွင့်ပေးခြင်း၊ အမှန်တကယ်အရောင်း အ၀ယ် လုပ်လိုသူများကို Real Time Accountဖွင့်ပေးခြင်းများအခမဲ့ဆောင်ရွက်ပေးပါမည်။

တန်းခွဲတစ်ခုလျှင်လူဦးရေ(၁၅)သာလက်ခံမည်ဖြစ်ပါ၍ကြိုတင်စာရင်းပေးသွင်းထားရန်လိုအပ်ပါသည်။
အသေးစိတ်သိရှိလိုလျှင်သော်လည်းကောင်း၊စာရင်းပေးသွင်းလိုလျှင်သော်လည်းကောင်း၊Myanmar Golden Link ၀၉ ၉၇၄၄ ၁၈ ၄၄၄( ရန်ကုန်)၊ ၀၉ ၉၇၄၄ ၁၈ ၅၅၅ (မန္တလေး)Tip Top Education Group ၀၁ ၂၅၄၈၈၉၊ ၀၉ ၇၃၀ ၅၀ ၃၇၀ သို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါသည်။

ဆိုလာစွမ်းအင်သုံးလေယာဉ်ဖြင့် မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၏ တီထွင်ဆန်းသစ်မှုအကြောင်း အားပေးလှုံ့ဆော်


မြန်မာနိုင်ငံ အစိုးရ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးတို့အတူပူးပေါင်းမှုဖြင့်
ပထမဦးဆုံးအကြိမ် ကမ္ဘာပတ်မည့် ဆိုလာလေယာဉ် မြန်မာပြည်သို့ ရောက်ရှိမည်
မန္တလေးမြို့သို့ မတ်လ အစောပိုင်းတွင် ဆိုက်ရောက် ရပ်နားမည်

ရန်ကုန်မြို့၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက် - ပထမဦးဆုံး အကြိမ် အဖြစ် ကမ္ဘာပတ်မည့် ဆိုလာလေယာဉ် ဖြစ်သည့် Solar Impulse 2 (Si2) သည် လူငယ်များအကြား စွန့်ဦးတီထွင်မှု နှင့်  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍများ အတွက် စိတ်အားထက်သန်မှု စိတ်ဓါတ်တို့ကို ပိုမိုအားကောင်းလားစေရန်အတွက် စွမ်းအင် နှင့် တီထွင်ဆန်းသစ်မှု နည်းပညာတို့အား မြန်မာနိုင်ငံတွင် အားပေးလှုံ့ဆော်သွားမည်ဖြစ်ပါသည်။ လောင်စာဆီ တစ်စက်မှ အသုံးမပြုဘဲ ဆိုလာစွမ်းအင်တစ်ခုတည်းဖြင့် နေ့ရော ညပါ ပျံသန်းနိုင်သည့် အဆိုပါလေယာဉ်သည် မြန်မာနိုင်ငံ မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ်လ(၁၀)ရက်နေ့တွင်[1] ဆိုက်ရောက် ဆင်းသက်မည် ဖြစ်ပါသည်။

ကီလိုမီတာ ၃၅,၀၀၀ (မိုင်ပေါင်း ၂၂၀၀) ကို (၅)လတာ ပျံသန်းသွားမည့် ခရီးစဉ်ကို မတ်လ အစောပိုင်းတွင် အဘူဒါဘီမြို့မှ စတင်ထွက်ခွာမည် ဖြစ်ပြီး အဆိုပါ Si2 ၏ လေးခုမြောက် ရပ်နားရာ အဖြစ် မြန်မာနိုင်ငံ မန္တလေးမြို့တွင် (၃)ရက်တာ ဆိုက်ရောက် ရပ်နားသွားမည် ဖြစ်ပါသည်။ အရှေ့တောင် အာရှနိုင်ငံများအနက် မြန်မာနိုင်ငံတွင်သာလျှင် ဆိုက်ရောက် ရပ်နားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အစိုးရ သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးနှင့် Solar Impulse တို့နှင့်အတူလက်တွဲပြီး အခုလို မြန်မာနိုင်ငံတွင် ဆိုက်ရောက် ရပ်နားနိုင်ရန်အတွက် ပြည်တွင်းမိတ်ဖက် အဖွဲ့အစည်း ဖြစ်သည့် First Myanmar Investment Co. Ltd. (FMI) နှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် Schindler နှင့် ABB တို့သည် ပါဝင်ပူးပေါင်းကူညီခဲ့ကြပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တက်လှမ်းရောက်ရှိနေပြီဖြစ်သော မြန်မာနိုင်ငံသို့ Solar Impulse 2 ၏ လာရောက်လည်ပတ်ခြင်းသည် သမိုင်းဝင် မှတ်တိုင်တစ်ခုဖြစ်ပြီး ရေရှည်တည်တံကာ တီထွင်ဆန်းသစ်မှု စွမ်းအင် ကဏ္ဍနှင့် ပတ်သတ်ပြီး လူအများပိုမို သတိပြုမိစေမှာလည်း ဖြစ်ပါသည်။ မန္တလေးမြို့တွင် ရပ်နားစဉ်အတွင်း တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ အယောက် ၁၀၀၀ခန့်သည် ပညာရပ်ဆိုင်ရာလေ့လာဆည်းပူးချိန်များ သာမက လေယာဉ်မှုးများနှင့် တွေ့ဆုံကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် နှင့် ပတ်သတ်ပြီး ဗဟုသုတများလည်း ရရှိနိုင်ရန် လေ့လာနိုင်မည်ဖြစ်ပါသည်။ အများပြည်သူများ အဆိုပါ ဆိုလာလေယာဉ်ကို အနီးကပ် လေ့လာကြည့်ရှုနိုင်မည့် ရက်များနှင့် အချိန်များကို လေယာဉ်ဆိုက်ရောက်ရန်နီးကပ် လာမည့် ရက်များတွင် ထပ်မံကြေညာပေးသွားမည် ဖြစ်ပါသည်။

“ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၊ အစိုးရအဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံကလူတွေရဲ့ အားပေးကူညီမှုတွေနဲ့ကြောင့်ပဲ ဒီနိုင်ငံအတွက် သာမက စွမ်းအင်ကဏ္ဍ နဲ့ ကမ္ဘာ့တစ်ဝှမ်းက တီထွင်ဖန်တီးသူတွေ အတွက် သမိုင်းဝင်နေ့ရက်ကို ရောက်လာဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ လိုပါတော့တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး Mr. Christoph Burgener ကဆိုပါသည်။ “ဒီစိတ်ကူး အကြံဥာဏ်က ဆွန်ဇာလန် နိုင်ငံမှာ သန္ဓေတည်ခဲ့ပြီးတော့ Solar Impulse အနေနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ အရာအတွက် အဖြေရှာပေးခဲ့ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဟာ အင်မတန် သာလွန်ကောင်းမွန်တဲ့ ရလာဒ်တွေ ရရှိနိုင်တယ်ဆိုတာ ပြောပြပေးခြင်းဖြစ်တယ်။ အလားတူပင်ဲ မြန်မာနိုင်ငံ အနေနဲ့ အားလုံးအတူတကွ လက်တွဲလုပ်ဆောင်ကြတဲ့အခါ အင်မတန်ထွန်းလင်းတောက်ပတဲ့ အနာဂတ်ကို ဖန်တီးတည်ဆောင်နိုင်မှာပါ” ဟုဆိုပါသည်။

“Solar Impulse ရဲ့ တွဲဖက်လေယာဉ်မှုးများနဲ့ တည်ထောင်သူတွေဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက လက်ရှိနဲ့ အနာဂါတ် မျိုးဆက်သစ်တွေကို သူတို့ဘဝရဲ့ စိတ်ဝင်စားရာတွေကို လေ့လာအဖြေရှာဖို့  စိတ်ဓါတ်ခွန်အား ပေးနိုင်  မှာပါ” ဟု FMI ၏ Chief Operating Officer ဖြစ်သူ ဦးလင်းမြိုင်က ဆိုပါသည်။ “ကျွန်တော်တို့ တိုင်းပြည်ဟာ သဘာဝ သယံဇာတတွေ အင်မတန် ပေါကြွဝတဲ့ အလျှောက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုတာဟာ လက်တစ်ကမ်း အကွာမှာပဲ ရှိနေမှာပါ။ တိုင်းပြည်ရဲ့ တိုးတက်အောင်မြင်မှုဟာ ရှေရည်တည်တံမယ့် စွမ်းအင်ကို အားပေးနိုင်တဲ့ နည်းပညာတွေရဲ့ တိုးတက်မှု အပေါ် အများကြီး မှီတည်နေပါတယ်။ Solar Impulse 2 ဟာဖြင့် ကျွန်တော်တို့ကို မဆုတ်မနစ်သော ဇွဲလုံ့လ နဲ့ စိတ်ကူးအကြံဥာဏ်တို့ကြောင့် ဒီလိုတီထွင်ဖန်တီးမှုတွေ နဲ့ နည်းပညာတွေကို ရရှိနိုင်တယ်ဆိုတာ အမှတ်ရစေပါတယ်။”

ဆွစ်ဇာလန် လူမျိုး လေယာဉ်မောင်းသူများ ဖြစ်ကြတဲ့ Bertrand Piccard နှင့် André Borschberg တို့ နှစ်ဦးစလုံးဟာ ရှေ့ဆောင် စွန့်ဦးသူများနှင့် ဆန်းသစ်တီထွင်ကြသူများ ဖြစ်သည့်အလျောက် Solar Impulse အကောင်အထည်ပေါ်လာနိုင်စေရန်အတွက် အဓိက ပဲ့ကိုင်သူများဖြစ်ပြီး လေ့လာတီထွင်မှုများနှင့် ရှေ့ဆောင်စွန့်ဦး ဆန်းသစ်မှုတို့သည် ကမ္ဘာကို ပြောင်းလဲစေနိုင်ကြောင်းကို ခိုင်ခိုင်မာမာ ယုံကြည်ထားကြသူများ လည်းဖြစ်ပါသည်။ (၁၂) နှစ်ကြာ စီစဉ်ဖန်တီး တည်ဆောက်ခဲ့ပြီးနောက် အဆိုပါလေယာဉ်သည် စတင်ထွက်ခွာရာဖြစ်သည့် အဘူဒါဘီမြို့သို့ နောက်ဆုံး ပြန်လည်မရောက်ရှိခင် အာရေးဗီးယံ ပင်လယ်၊ အိန္ဒီယ၊ မြန်မာ၊ တရုတ်၊ ပစိဖိတ် သမုဒ္ဒရာ၊ အမေရိကန် ပြည်ထောင်စု၊ အတ္တလန်တိတ် သမုဒ္ဒရာ နှင့် ဥရောပတောင်ပိုင်း သို့မဟုတ် အာဖရိက မြောက်ပိုင်းတို့ကို ပျံသန်းကာ ဖြတ်သန်းသွားမည် ဖြစ်ပါသည်။

“မြန်မာနိုင်ငံက အစိုးရ တာဝန်ရှိသူများနှင့် ကျွန်တော်တို့ရဲ့ လက်တွဲဖော်တွေဟာ သန့်စင်တဲ့ နည်းပညာတွေ ရဲ့ အရေးပါပုံကို ကောင်းစွာ သတိပြုမိကြပါတယ်။ ကျွန်တော် Orbiter 2 နဲ့ မြန်မာနိုင်ငံမှာ ပျံသန်းခဲ့တုန်းက အချိန်တွေကို မှတ်မိနေတုန်းပါပဲ။ အတွင်းစိတ် ဆိတ်ငြိမ်အေးချမ်းမှု နဲ့ ပညာဥာဏ်တွေရဲ့ ပြယုဒ်ဖြစ်တဲ့ စေတီပုထိုးကျောင်းကန် တွေအပေါ်မှာ ပျံသန်းရတာ အလွန်ခမ်းနားတဲ့ ပျံသန်းမှု တစ်ခုဖြစ်ခဲ့ပါတယ်” ဟု Solar Impulse ၏ ပူးတွဲတည်ထောင်သူနှင့် လေယာဉ်မှုးဖြစ်သည့် Bertrand Piccard ကဆိုပါသည်။ “Solar Impulse ဆိုတာကလည်း အတူလက်တွဲ ဆောင်ရွက်ခြင်းဟာ ဒီကမ္ဘာက လက်ရှိနဲ့ အနာဂတ် မျိုးဆက်သစ်တွေကို နိုးကြာလှုံဆော်ပေးဖို့ အတူလက်တွဲဆောင်ရွက်မှုတစ်ခုရဲ့ ရလာဒ် တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်ကတော့ FMI က စီစဉ်ပေးမယ့် မန္တလေးက ကျောင်းသားတွေနဲ့ ဆုံတွေရဖို့ကို စောင့်မျှော်နေပါတယ်” ဟု Solar Impulse အား ပူးတွဲတည်ထောင်သူ နှင့် လေယာဉ်မှုးနောက်တစ်ဦး ဖြစ်သည့် André Borschberg ကထပ်မံဖြည့်စွတ် ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ဟာ လူသားတွေ စွမ်းအင်အနည်းဆုံးကို အသုံးပြုပြီး ဆန်းသစ်တဲ့နည်းပညာတွေကို တီထွင်နိုင်ရန် ကန့်သတ်ချက်ဘောင်တွေကို ကျော်လွန်နိုင်ဖို့အတွက် ကြိုးစားနေတဲ့ ရည်မှန်းချက်တွေ တူတဲ့ Solar Impulse နဲ့ အဓိကလက်တွဲဖော်များထဲက တစ်ဦး ဖြစ်ရတဲ့အတွက် အင်မတန် ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ မြန်မာပြည်မှာ ၁၉၉၉ ကတည်းက လုပ်ငန်းတွေ စတင်ခဲ့တဲ့ ကျွန်တော်တို့ ကုမ္ပဏီဟာ ဒီလေယာဉ်ကြီးကို မြန်မာပြည်မှာ ကြိုဆိုဖို့နဲ့ ဒီခမ်းနားတဲ့ ခရီးစဉ်ရဲ့ လုပ်ငန်းအဖွဲ့မှာ ပါဝင်ခွင်ရတဲ့အတွက် ဝမ်းသာပါတယ်” ဟု Schindler Myanmar ၏ အထွေထွေမန်နေဂျာဖြစ်သူ Willis Phua မှဆိုပါသည်။

“ABB ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “စွမ်းအားနှင့် ထုတ်လုပ်မှုတို့ဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာအတွက်” ဖြစ်တဲ့အလျောက် Solar Impulse ရဲ့ မြန်မာပြည်မှာ ရပ်နားမှုဟာ ကျွန်တော်တို့အတွက် အင်မတန် အရေးပါပါတယ်။ ABB နှင့် Solar Impulse တို့ နှစ်ဦးစလုံးဟာ အနာဂါတ် စွမ်းအင်စိန်ခေါ်မှုတွေအတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ပိုမိုကောင်းမွန်တဲ့အဖြေရှာဖို့ ကြိုးပမ်းနေကြတာခြင်း အတူတူဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ပေါ်ထွန်းလာနေတဲ့ အလျောက် နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ကျန်ရှိနေဖို့အတွက် အခွင့်အလမ်းတွေနဲ့ပါတ်သတ်ပြီး ဆုံးဖြတ်မှုတွေ လုပ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်" ဟု ABB ၏ စင်ကာပူ နှင့် အရှေ့တောင် အာရှဒေသတို့၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သူ Mr.Johan de Villiers ကဆိုပါသည်။ ဆက်လက်ပြီး “စွမ်းအင်ကို ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လူအများ သိရှိလာအောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ အနေနဲ့ လိုအပ်ပါတယ်။ အခု Solar Impulse ကတော့ ဒီအမှာစကားကို တစ်ကမ္ဘာလုံးက လူအများဆီသို့ သယ်ဆောင်ပေးသွားတော့မှာပဲ ဖြစ်ပါတယ်” ဟုဆိုပါသည်။