Thursday, December 10, 2015

မူဝါဒအပြောင်းအလဲတွင်နစ်နာမှုမရှိစေရန် ၂၀၁၆ အတွက်ကားမူဝါဒကို အချိန်မှီထုတ်ပြန်ရန် ကားလောကသားများလိုလား


    ချမှတ်သည့် မူဝါဒပိုင်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အရေးကြီးသည့် အခန်းကဏ္ဍမှပါ၀င်လျက်ရှိသည်။ နိုင်ငံနှင့် ပြည်သူ့အကျိုးအပေါ် အခြေမတည်သည့် စီးပွားရေးမူဝါဒများက စစ်မှန်သည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမျိုး ဖြစ်ပေါ်လာမည် မဟုတ်ချေ။ ထို့အတူ မူဝါဒပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိခြင်းကလည်း ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာစေရန် အဓိကကျသည့် အခန်းကဏ္ဍမှ ပါ၀င်လျက်ရှိသည်။ ချမှတ်သည့် မူဝါဒက ကားစျေးကွက်ဖွံ့ဖြိုးမှုအပေါ် ရာနှုန်းပြည့်မှီတည်နေသည့် မြန်မာ့ကားစျေးကွက်သည် အုပ်ချုပ်သည့်အစိုးရအဆက်ဆက်တွင် ပြည်သူကိုအခြေမပြုသည့် ကားမူဝါဒများ၊ မူဝါဒပိုင်းမတည်ငြိမ်မှုများကြောင့် ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးခဲ့သည်ကို တွေ့ရသည်။

၂၀၁၅ ခုနှစ်ကုန်ဆုံးရန် နီးကပ်လာပြီဖြစ်သည်နှင့်အညီ ပြည်တွင်းကားစျေးကွက်တစ်ခုလုံးက လာမည့် ၂၀၁၆ ခုနှစ်အတွက် ကားမူဝါဒ (၀ါ) မော်တော်ယာဉ်တင်သွင်းမှုဆိုင်ရာ မူဝါဒသတ်မှတ်ချက် အသစ်များကို စောင့်မျှော်လျက်ရှိကြသည်။ ပြည်သူလူထုအနေဖြင့် ကားတင်သွင်းမှုမူဝါဒအပြောင်းအလဲတွင် အဆင်ပြေပြေဖြင့် အလိုက်သင့်လိုက်ပါနိုင်ရန်အထူးလိုအပ်ပြီး မူဝါဒအပြောင်းအလဲကြောင့် အတိဒုက္ခရောက်ခြင်းမျိုး မဖြစ်စေရန် အထူးပင် အရေးကြီးလှသည်။ ပြီးခဲ့သည့် ၂၀၁၅ နှစ်စကလည်း မူဝါဒသတ်မှတ်ချက်များထုတ်ပြန်မှု လွန်စွာနောက်ကျခဲ့သဖြင့် ကားရောင်းသူများ၊ ကားဝယ်သူများ၊ တစ်နိုင်တစ်ပိုင်ကားတင်သွင်းရောင်းချသူများ စသည့် ပြည်တွင်းကားစျေးကွက်အတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံး များစွာဒုက္ခရောက်ခဲ့ကြရသည်။
ထို့ကြောင့် ကားတင်သွင်း မှုဆိုင်ရာ မူဝါဒအပြောင်းအလဲတွင် ပြည်သူများ နစ်နာမှုမရှိစေရန် ၂၀၁၆ အတွက် ကားမူဝါဒကို အချိန်မှီသိရှိနိုင်ရန် ကြိုတင်ကြေညာရန် ကားလောကသားများက လိုလားလျက်ရှိကြပါသည်။ သို့မှာသာ အပြောင်းအလဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်မည်ဖြစ်ပြီး အခက်အခဲများ၊ အကျပ်အတည်းများကို အချိန်မှီဖြေရှင်းနိုင်မည် ဖြစ်သည်။
ကားတင်သွင်းမှုမူဝါဒများ အချိန်မှီထုတ်ပြန်နိုင်ရေးနှင့် ပက်သက်၍ Motors.com.mm ၏ Managing Director ဖြစ်သူ Ms.Rianne Roggema က “ မြန်မာ့ကားစျေးကွက်တိုးတက်ဖွံ့လာဖို့အတွက် မူဝါဒပိုင်းက အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍက ပါ၀င်နေပါတယ်။ မူဝါဒပိုင်းချမှတ်မှုမှာ တစ်အချက် - ပြည်သူအကျိုးစီးပွားကို ဗဟိုပြုတဲ့ မူဝါဒဖြစ်ရမယ်။ နှစ်အချက် - မူဝါဒပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိရမယ်။ ပြည်သူအကျိုးစီးပွားကို ဗဟိုပြုတဲ့မူဝါဒဖြစ်ဖို့အတွက်ကယေဘုယျအားဖြင့်ပြောရင်တော့ အခွန်တွေလျော့ပေးရမယ်၊ လူတိုင်းကားစီးနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးရမယ်ပေါ့။မူဝါဒပိုင်းဆိုင်ရာ တည်ငြိမ်မှုရှိဖို့ကတော့ အရင်ဆုံးအနေနဲ့ ကားမူဝါဒအပြောင်းအလဲ တွေကို ပြည်သူတွေ နားလည်သိရှိသဘောပေါက်အောင် ကြိုတင်ကြေညာပေးဖို့ အရေးကြီးပါတယ်။ ဒါမှလည်း ပြည်သူအနေနဲ့ မူဝါဒအပြောင်းအလဲအပေါ် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပြီး အပြောင်းအလဲနဲ့အတူ အလိုက်သင့်လိုက်ပါစီးမျောနိုင်မှာပါ ” ဟု ပြောကြားသည်။
Distinct Trading Co.,Ltd ၏ Managing Director ဖြစ်သူ ကိုထွဋ်ထိပ်ကလည်း “ လာမယ့်နှစ်အတွက် ကားတင်သွင်းမှုဆိုင်ရာမူဝါဒတွေကို စောစောထုတ်ပြန်ပေးသင့်ပါတယ်။ ဒါမှလည်းကြိုတင်ပြင်ဆင်ချိန်ရမှာလေ။ကြိုတင်ပြင်ဆင်တယ်ဆိုတာ တစ်ချို့တင်သွင်းဖို့ခက်သွားမယ့်ကားမျိုးတွေဆိုလိုအပ်ရင် ဒီနှစ်ထဲသွင်းဖို့ စီစဉ်ရမယ်။ နောက်နှစ်သွင်းရင်သက်သာမယ့်ကားမျိုးတွေဆို နောက်နှစ်မှာသွင်းဖို့ စောင့်ဆိုင်းရမယ်လေ။နောက်တစ်ခုက သတင်းကြိုရထားတဲ့သူကအကွက်ကြိုရွေ့လို့ရတော့ ဘာမှအခက်အခဲမရှိပေမယ့် သာမန်ပြည်သူတွေကတော့ ရုတ်တရက်ပြောင်းလဲလိုက်တဲ့ မူဝါဒဏ်ကို ခံရပါတယ်။ ဒီတော့ အားလုံးတစ်ပြေးညီဖြစ်အောင် ကြိုကြိုတင်တင်ကြေညာထားပေးတာက အကောင်းဆုံးပါ ။ ” ဟု ပြောကြားသည်။
၀န်းရံခကားအရောင်းစင်တာ၏ Managing Director ကိုမင်းမင်းမောင်ကလည်း “ စောစောသိရရင် ကြိုတင်ပြင်ဆင် လို့ရတာပေါ့။ ကညနကလည်း ထုတ်ပြန်တာနည်းနည်းတော့ နောက်ကျတယ်။ နို၀င်ဘာလဆန်းပိုင်းလောက်ကတည်းက ကြေညာထားသင့်တာ။  လောလောဆယ်တော့ ၂၀၀၆ -၂၀၁၀ မော်ဒယ်တွေကတော့ စလစ်ကပ်ရမယ်။ ၂၀၁၄ -၂၀၁၆ ကို ဘယ်မောင်းဖြစ်မယ်။ ဒါတွေကတော့ သေချာသလောက်ဖြစ်နေပြီလို့ ယူဆလို့ရတယ်။ ကြားထဲက၂၀၁၁ ကနေ ၂၀၁၃ မော်ဒယ်အထိကို ဘယ်လိုမူဝါဒနဲ့သွားမလဲဆိုတာ ကညနက ထုတ်ပြန်မယ့်အပေါ် အစ်ကိုတို့ စောင့်ကြည့်နေရတယ်။ ၂၀၁၁ ကနေ ၂၀၁၃ မော်ဒယ်တွေကို ဘယ်မောင်းသွင်းခိုင်းမှာလား၊ ညာမောင်းသွင်းခိုင်းမှာလား ? စလစ်ကပ်ခိုင်းမှာလား ? Free Permit နဲ့သွားမှာလား ?ဒီသုံးချက်လုံးကို သေချာသဲသဲကွဲကွဲ မသိသေးဘူး ” ဟု ပြောကြားသည်။
SBT Myanmar ၏ Sales Manager ကိုနေလင်းကလည်း “ ကားတင်သွင်းမှုဆိုင်ရာမူဝါဒကို စောစောထုတ်ပြန်ပေး သင့်တယ် ထင်ပါတယ်။ အခုဆို သို့လော သို့လောနဲ့ ထုတ်ပြန်တာနောက်ကျလေ ကောလဟာလတွေက အများကြီးထွက်လာလေပါပဲ။ မနှစ်ကနဲ့ မတူတာက ဒီနှစ်မှာ ဘယ်မောင်း/ညာမောင်းကိစ္စတွေလည်း ပါနေတယ်ဆိုတော့ ကျွန်တော့်တို့ Customer တွေထဲက တစ်ချို့ဆိုရင် အလုပ်နားထားတွေတောင် ရှိတယ်။ နိုင်ငံရေးအပြောင်းအလဲလည်း ရှိတယ်ဆိုတော့ မနှစ်ကထက် ပိုရှုပ်ထွေးတယ်လို့ ဆိုရမယ်။ တကယ်ဆို ၁၁ လပိုင်း လလယ်လောက်ကတည်းက ထုတ်ပြန်သင့်တယ်။ ဘာ့ကြောင့်ဆိုတော့ ကျွန်တော်တို့ Free Permit တွေရဲ့ သက်တမ်းက သုံးလပဲ ရှိတယ်ဆိုတော့ နောက်နှစ်ထဲမှာ ဘာဖြစ်မယ်ဆိုတာကို ကြိုသိတော့မှပဲ ကြိုပြီး ပြင်ဆင်လို့ ရမှာလေ။ ဒါမှလည်း ကျွန်တော်တို့ ကားလောကသားတွေအနေနဲ့ တစ်လလောက်ကြိုပြီး ပြင်ဆင်ဖို့ အချိန်ရမှာပါ။ ” ဟု ပြောကြားသည်။

No comments: