Thursday, August 6, 2015

Gesellschaft für Internationale Zusammenarbeit နှင့် Standard Chartered Bank တို့က Myanmar Institute of Finance အကူအညီဖြင့် အသေးစားချေးငွေလုပ်ငန်းများအတွက် အလုပ်ရုံဆွေးနွေးပွဲများကျင်းပ




Gesellschaft für Internationale Zusammenarbeit (GIZ) နှင့် Standard Chartered Bank (SCB) တို့သည် Myanmar Institute of Finance (MIF) အကူအညီဖြင့် အသေးစားချေးငွေလုပ်ငန်းများအတွက် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခဲ့ကြပါသည်။

 အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်မှာ မြန်မာ့
ငွေကြေး စျေးကွက်ဆိုင်ရာလုပ်ငန်းများမှ ပေါ်ထွက်လာနိုင်သည့့် အခွင့်အလမ်းများအတွက် ကြိုတင်ပြင်ဆင်ထားကြနိုင်စေရန်နှင့် အလျှင်အမြန် ဖွံ့ဖြိုးတိုးတက်နေသော ဘဏ်လုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိန်ခေါ်မှုများအတွက် အသင့်ပြင်ဆင်ထားနိုင်စေရန်အတွက် ဖြစ်ပါသည်။ ပြည်တွင်းရှိဘဏ် လုပ်ငန်းများမှ အကြီးတန်းအရာရှိများသည် ၁၂ လတာကာလအတွင်းတွင် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲလေးခု၏ ပထမဦးဆုံးဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြကာ ဘဏ်လုပ်ငန်းလုပ်ကိုင်သူများ အနေဖြင့် အသေးစား ငွေချေးလုပ်ငန်း၏ အဓိက ကဏ္ဍများအကြောင်းကို ပိုမိုသိရှိလာစေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများကို BankersLab® မှ ဝါရင့်အတွေ့အကြုံရှိ သင်တန်းဆရာများမှ ဦးဆောင်ကျင်းပသွားခြင်းဖြစ်ကာ ၂၀၁၅ သြဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် ပထမဦးဆုံး သော အလုပ်ရုံဆွေးနွေးပွဲတွင် အသေးစားငွေချေးခြင်းကိုမည်သို့ တည်ဆောက်ကာစီမံခန့်ခွဲ လုပ်ဆောင် သွားရမည်ဆိုသည်ကို ရှင်းလင်းပို့ချခဲ့ကြပါသည်။



တစ်ကမ္ဘာလုံးအတိုင်းအတာအရ အသေးစားငွေချေးလုပ်ငန်းသည် အသေးစားငွေချေးဘဏ်များ၏ အဓိကဝင်ငွေရလုပ်ငန်းဖြစ်ပြီး စားသုံးသူများ၏ အိမ်များ၊ မော်တော်ယာဉ်များဝယ်ယူရာတွင် ငွေချေးခြင်း၊ စားသုံးသူများအား တိုက်ရိုက်ငွေချေးခြင်း၊ အကြွေးဝယ်ကဒ်များသုံးစွဲခြင်း စသည်တို့ အတွက် ဝန်ဆောင်မှုများပေးနေပါသည်။ မြန်မာနိုင်ငံအဖို့မူ အဆိုပါဘဏ်လုပ်ငန်းသည် ဖွံ့ဖြိုးမှု နှေးကွေးနေသေးဆဲဖြစ်ကာ တင်းကျပ်သော ထိန်းချုပ်မှုစနစ်များအောက်တွင် ရှိနေဆဲဖြစ်ပါသည်။ ယခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အကြွေးဝယ်ကဒ်စနစ်များ စတင်လုပ်ကိုင်ခွင့်ပြု လိုက်သည့်အခါဘဏ်လုပ်ငန်းအများစု သည် Myanmar Union Pay စနစ်ကိုအခြေခံသည့် အကြွေးဝယ်ကဒ်စနစ်များကို ပြန်လည်အသုံးပြုရန် ပြင်ဆင်နေကြပြီဖြစ်ပါသည်။ ဘဏ်လုပ်ငန်းများ အားပြန်လည်ပြင်ဆင်ဖွဲ့စည်းနေကာ လုပ်ငန်းကဏ္ဍကျယ်ပြန့်လာပြီး အမျိုးသားအကြွေးဝယ်စနစ် ကို စမ်းသပ်နေဆဲကာလတွင် ဘဏ်လုပ်ငန်းများသည် စားသုံးသူများ၏ အသေးစား ငွေချေးခြင်း ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန်တာစူနေကြပါသည်။


Standard Chartered Bank ၏ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်ဖြစ်သူ Ms.Tina Singhsacha မှ
“Standard Chartered Bank က အာရှ၊ အာဖရိကနဲ့အရှေ့ အလယ်ပိုင်းဒေသက စျေးကွက်ပေါင်း ၃၀ ကျော်မှာ အသေးစားငွေချေးဝန်ဆောင်မှုတွေကို လုပ်ဆောင် ပေးနေ ပါတယ်။ ဒီအသေးစားငွေချေးဝန်ဆောင်မှုဟာ ဒီလုပ်ငန်းကိုဇောက်ချလုပ်ကိုင်နေတဲ့ဘဏ် တွေအတွက် အဓိကဝင်ငွေရလုပ်ငန်းဖြစ်ရုံသာမက စားသုံးသူများရဲ့ဝယ်လိုအားကို ထိန်း သိမ်းညှိနှိုင်းလိုတဲ့ ထွန်းသစ်စ စီးပွားရေးစနစ်တွေအတွက်လည်း အဓိက အာရုံစိုက် လုပ်ဆောင်ရမယ့်အရာတစ်ခုဖြစ်ပါတယ်။ မြန်မာနို်င်ငံရဲ့ အသေးစား ငွေချေးဘဏ်လုပ်ငန်း စနစ်ကို ဖွံံဖြိုးတိုးတက်အောင် ဦးဆောင်ပေးကြမယ့် ငွေကြေးဆိိုင်ရာ ကျွမ်းကျင်ဝန်ထမ်းတွေကို ကျွန်မတို့ဟာ GIZ နဲ့အတူပူးပေါင်းပြီး MIF ရဲ့ အကူအညီတွေနဲ့  သင်တန်းတွေ စီစဉ်ပေးရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။” ဟုဆိုသည်။

 GIZ ၏ ဘဏ္ဍာရေးကဏ္ဍဆိုင်ရာဖွံ့ဖြိုးမှုစီမံကိန်း၏အကြီးအကဲဖြစ်သူ Sebastian Sommer မှလည်း “ဒီစီမံချက်ရဲ့အဓိက အာရုံစိုက်တာကတော့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေအတွက် သင့်လျော်မယ့် ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ဘဏ်လုပ်ငန်းကဏ္ဍကို အထောက်အကူပေးဖို့ပဲဖြစ်ပါတယ်။ အသေးစားငွေချေးလုပ်ငန်းဟာ ပြည်တွင်းဝယ်လိုအားနဲ့ ကုန်သွယ်ရေးကို မြင့်တက်လာစေနိုင်ပြီးတော့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများအတွက် အထောက်အကူုဖြစ်စေမှာပါ။ အခြားတဖက်မှာလည်း ချေးငွေလုပ်ငန်းအပါအဝင် ဘဏ်လုပ်ငန်းရဲ့ အလျှင်အမြန် ဖွံ့ဖြိုးတိုး တက်လာနေမှုကြောင့် ထိခိုက်နစ်နာမှုရှိနိုင်တာတွေကို လည်း စီမံ ခန့်ခွဲဖို့လိုအပ်ပါတယ်။ Standard Chartered Bank နဲ့အတူ ပူးတွဲဆောင်ရွက် ခွင့်ရခြင်းဟာ ကျွန်တော်တို့ရဲ့ နိုင်ငံတကာစံနှုန်းတွေနဲ့ အညီလုပ်ဆောင်ချက်တွေကို မျှဝေ ပေးဖို့သင့်လျှော်တဲ့မိတ်ဖက်အဖွဲ့အစည်းတစ်ခုကို ရရှိလိုက်တယ်လို့ ယုံကြည်ပါ တယ်။” ပြောကြားသွားပါသည်။

No comments: