Thursday, August 6, 2015

မြန်မာနိုင်ငံ၏ E-commerce နှင့် C2C အခန်းကဏ္ဍဖွံ့ဖြိုးလာမှု







လွန်ခဲ့သော ဆယ်စုနှစ်တွေဆီကို ပြန်ကြည့်မယ်ဆိုရင် အွန်လိုင်းပေါ်မှာရောင်းဝယ်ခြင်းဟာ အိမ်မက်တစ်ခုလိုပါပဲ။ မိမိ အရောင်းဆိုင်အား ပိုမိုသိရှိလာစေရန်နဲ့ အရောင်းမြှင့်တင်ရန်အတွက် ကြော်ငြာခြင်းကိစ္စမှာ ကန့်သတ်ချက်တွေရှိသလို ကြော်ငြာဖို့အတွက် ရွေးချယ်စရာကဏ္ဍဟာလည်း နည်းပါးပြီး  အကယ်၍ တစ်ခုခုကိုပြုလုပ်တော့မှာဆိုလျှင် ကြိုတင်ပြင်ဆင်မှု အတွက် မလိုလားအပ်ပဲ အချိန်များစွာလည်း ကုန်သွားတတ်သေးသည်။ ဒ့ါပြင် ဆိုင်မှာသွားရောက်ဝယ်ခြင်းဟာလည်း တစ်ခါ တစ်ရံမှာ အဆင်မပြေတာမျိုး တွေကြုံတွေ့ရလေ့ရှိသည်။
ယခုဆိုရင်တော့ အရာရာဟာ အဆင့်ဆင့်လျင်မြန်စွာပြောင်းလဲခဲ့ပြီဖြစ်ပြီး မိုဘိုင်း အခန်းကဏ္ဍ တစ်ဟုန်ထိုးဖွံ့ဖြိုးလာမှုနဲ့အတူ Word Wide Web ရဲ့အကျိုးကျေးဇူးကြောင့် e-commerce ဆိုတဲ့ စာမျက်နှာသစ်ကိုပါ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံမှာလည်း အွန်လိုင်းရှော့ပင်းပလက်ဖောင်းတွေဖြစ်တဲ့ Kaymu.com.mmShop.com.mm တို့ဟာလည်း e-commerce ရေစီးကြောင်းအရ ပေါ်ထွက်လာခဲ့ပြီးနောက် ရောင်းချလိုသူများမှ ထောင်၊သောင်းမကသော ကုန်ပစ္စည်းများကို အွန်လိုင်းပေါ်တွင် လွယ်လင့်တကူ ရောင်းချနိုင်နေပြီဖြစ်သည်။ ၀ယ်ယူသူများဘက်ကလည်း မိမိနှစ်သက်ရာပစ္စည်းကို ကိုယ်နေထိုင်ရာအိမ်မှ ထွက်ခွာစရာမလိုပဲ သက်သောင့်သက်သာဖြင့် များစွာသောကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် ကလစ် တစ်ချက်နှိပ်ရုံနဲ့ဝယ်ယူရရှိနိုင်တဲ့အခြေအနေတစ်ခုဖြစ်လာခဲ့သည်။

E-commerce ၏အခြေခံသဘောတရားကတော့ ရောင်းခြင်း၊ ၀ယ်ခြင်း ကိစ္စရပ်များကို အင်တာနက်ပေါ်မှာပင် ပြီးပြည့်စုံသည့် နေရာဟု အလွယ်ခေါ်ဆိုရမည်ဖြစ်သည်။ သို့သော် ပုံစံအမျိုးမျိုးရှိပြီး B2B (ရောင်းဝယ်သူအချင်းချင်း ကုန်ပစ္စည်းရောင်းချခြင်း)၊ B2C (ရောင်းဝယ်သူမှ စားသုံးသူထံသို့ ကုန်ပစ္စည်းရောင်းချခြင်း) နှင့် C2C (စားသုံးသူအချင်းချင်း ကုန်ပစ္စည်းရောင်းချခြင်း) စသ ဖြင့် အနည်းငယ် ကွဲပြားသွားသည်။ လက်ရှိမြန်မာနိုင်ငံတွင် E-commerce လုပ်ငန်းစတင်ဖွံ့ဖြိုးလာသော ၂၀၁၃ ခုနစ်နှင့် နှိုင်းယှဉ်ပါက ယခုဆို လူမှုကွန်ရက်တစ်ခုဖြစ်သော ဖေ့ဘုတ်ပေါ်တွင် အွန်လိုင်းရှော့ပေါင်း လေးထောင်ကျော်ရှိလာခဲ့ပြီး ပြည်တွင်း အွန်လိုင်းရှော့ဝက်ဘ်ဆိုက်မှာလည်း Kaymu.com.mm၊ Ads.com.mm၊ Shop.com.mm၊ rgo47.com၊ yangonbay.com၊ myanmaronlinestore.net၊ yangononlinestore.com၊ zawgyimart.com စသည်ဖြင့် များစွာရှိလာပြီဖြစ်သည်။
မြန်မာနိုင်ငံရဲ့ဦးဆောင်အွန်လိုင်းစျေးကွက်တစ်ခုဖြစ်သည့် Kaymu.com.mm ကတော့ C2C (စားသုံးသူအချင်းချင်း ကုန်ပစ္စည်း ရောင်းချခြင်း) ပုံစံ တစ်ခုဖြစ်ပြီး ၀က်ဘ်ဆိုက်ပေါ်တွင် ရောင်းချသူပေါင်း ၅ ထောင်ကျော်ရှိကြောင်း သိရသည်။ ၀က်ဘ်ဆိုက်မှာ ရောင်းချလိုသူက အလွယ်တကူအကောင့် ပြုလုပ်ပြီး ကိုယ်ရောင်းချလိုသည့် ပစ္စည်းကို ၀က်ဘ်ဆိုက်ပေါ်တင် ရောင်းချရုံဖြင့် ၀င်ငွေလမ်းကြောင်း အသစ်တစ်ခု ရရှိလာနိုင်သည့် အခွင့်အရေးပဲဖြစ်သည်။ အသုံးပြုပြီး ပစ္စည်း၊ ပစ္စည်းအသစ်တို့ကို C2C စနစ်ဖြင့် ကိုယ်တိုင်ကိုယ်ကျ ရောင်းချနိုင်သည့် အခွင့်အရေးကို Kaymu မှ ဖန်တီးပေးထားသည်။
မြန်မာပြည်တွင်းရှိ Ads.com.mm သည်လည်း လူကြည့်အများဆုံးထဲပါ၀င်သည့် C2C ၀က်ဘ်ဆိုက်တစ်ခုဖြစ်ပြီး အဓိက အကြောင်းရင်းမှာ တပါတ်ရစ်ပစ္စည်းများရောင်းဝယ်နိူင်ခြင်းကြောင့်ဖြစ်သည်။ အဆိုပါ၀က်ဘ်ဆိုက်တွင်ဖက်ရှင်နှင့် ဆက်စပ် ပစ္စည်းအများစုကို brand New အဖြစ်တွေ့ရှိရကာ ကျန်မိုဘိုင်းဖုန်းနဲ ့ဆက်စပ်ပစ္စည်းများ ၊ကွန်ပျုတာများမှာ တပါတ်ရစ် ပစ္စည်းများကို (၈၀) ရာခိုင်နူန်းခန် ့တွေ ့မြင်ရသည်။
သို့ရာတွင်လည်း မြန်မာနိုင်ငံတွင် C2C အခန်းကဏ္ဍဟာ အရှိန်ရကာစသာ ဖြစ်သည့်အတွက် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် လူထုကြားကို ကျယ်ကျယ်ပြန့်ပြန် ရောက်ရှိစေရန် အသိပညာပေးမှုများနှင့် နည်းပညာတွန်းအားပေးမှုများကို အချိန်ပေးပြုလုပ်ပေးသွားရန်အတွက်လည်း များစွာလိုအပ်နေသေးကြောင်း တွေ့ရှိရသည်။



No comments: