Sunday, May 10, 2015

ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ယာစီမံကိန်းအဆောက်အဦးပုံစံများနှင့် ဝယ်ယူခွင့်လျှောက်လွှာပုံစံအား House.com.mm အိမ်ခြံမြေဝက်ဘ်ဆိုက်တွင်ရယူနိုင်



အစိုးရ၏ဝင်ငွေနည်းပြည်သူများအတွက်ရည်ရွယ်၍ ဖော်ဆောင်လျက်ရှိသော တန်ဖိုးနည်းအိမ်ယာစီမံကိန်းများအနက်မှ အစောဆုံးဖော်ဆောင်ခဲ့သောစီမံကိန်းတစ်ခုဖြစ်သည့် လှိုင်သာယာမြို့နယ်ရှိရွှေလင်ပန်းတန်ဖိုးနည်းအိမ်ယာစီမံကိန်း၏ အဆောက်အဦးပုံစံများ၊ အခန်းအနေအထားများ၊ စျေးနှုန်းများအား မြန်မာ့အိမ်ခြံမြေဝက်ဘ်ဆိုက်တစ်ခု ဖြစ်သော House.com.mm ဝက်ဘ်ဆိုက် ပေါ်တွင်ကြည့်ရှုလေ့လာနိုင်ပြီဖြစ်သလိုဝယ်ယူခွင့်လျှောက်လွှာပုံစံကိုလည်းရယူနိုင်ပြီဖြစ်သည်။


ရွှေလင်ပန်းအိမ်ယာစီမံကိန်းအားအဆင့်သုံးဆင့်ခွဲ၍အကောင်အထည်ဖော်လျက်ရှိပြီး
-    စီမံကိန်းပထမအဆင့်တွင်အခန်းအရေအတွက် (၇၆၈)ခန်း
-    စီမံကိန်းဒုတိယအဆင့်တွင် အခန်းအရေအတွက် (၄၉၆)ခန်း
-    စီမံကိန်းတတိယအဆင့်တွင် အခန်းအရေအတွက် (၆၄၄) ခန်း
စုစုပေါင်းအခန်းအရေအတွက် (၁၉၀၈)ခန်းဖော်ဆောင်သွားမည်ဖြစ်သည်။ အခန်းအမျိုးအစားများပေါ် မူတည်၍စျေးနှုန်းမှာလည်းကျပ်သိန်း (၁၁၀)မှ (၁၂၀) အထိကွဲပြားမည်ဖြစ်သည်။ လက်ရှိတွင် စီမံကိန်းပထမအဆင့်တိုက်ခန်းများမှာဆောက်လုပ်ပြီးစီး၍ စတင်ရောင်းချလျက်ရှိပြီး ကျန်ရှိသော စီမံကိန်းဒုတိယနှင့်တတိယအဆင့်များကိုလည်းနောက်နှစ်အတွင်းပြီးစီးနိုင်ရန်မျှော်မှန်းထားသည်။
ရွှေလင်ပန်းအိမ်ယာစီမံကိန်းမှ တိုက်ခန်းများအားအရစ်ကျငွေပေးချေမှုစနစ်ဖြင့်လည်းဝယ်ယူနိုင်မည် ဖြစ်ရာအများပြည်သူစိတ်ဝင်စားသောအချက်လည်းဖြစ်သည်။ အရစ်ကျဝယ်ယူလိုသူများအနေဖြင့် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံဖြိုးရေးဘဏ် နှင့်ဆက်သွယ်ကာဝယ်ယူနိုင်မည်ဖြစ်သည်။ ငွေပေးချေမှုကာလကိုလည်းယခင်ကလေးနှစ်ကာလသာသတ်မှတ်ထားသော်လည်းယခုအခါရှစ်နှစ်အထိတိုးမြှင့်ပေးခဲ့သည်။ ထိုသို့တိုးမြှင့်ပေးခဲ့သဖြင့် ကနဦးငွေချေမှုပမာဏအဖြစ် အိမ်ခန်းတန်ဖိုး၏ (၃၀%) ပေးသွင်းပြီးပါကလစဉ်တစ်လလျှင် ကျပ်တစ်သိန်းကျော်သာသွင်းရတော့မည်ဖြစ်သည်။
အဆောက်အဦးများ၏ တည်ဆောက်ပြီးစီးမှုပုံစံများ၊ ရှေ့ပြေးပုံစံများနှင့် အခန်းတန်ဖိုးများ၊ ဝယ်ယူလို သူများအတွက်လိုအပ်သောအချက်အလက်များအပြင် အိုးအိမ်သို့တင်ရမည့် လျှောက်လွှာပုံစံများ စသည် တို့ကိုHouse.com.mmဝက်ဘ်ဆိုက်စာမျက်နှာဖြစ်သောwww.house.com.mm/ministry-of-constructionတွင်သွားရောက်ကြည့်ရှုနိုင်ပါသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍မြို့ရွာနှင့်အိုးအိမ်ဖွံဖြိုရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဖြစ်သောဦးမင်းအောင်အေးမှ “ရွှေလင်ပန်းအိမ်ယာစီမံကိန်းက ၀င်ငွေနည်းပြည်သူတွေနဲ့နိုင်ငံ့ ဝန်ထမ်းတွေရဲ့ အိမ်ယာလိုအပ်ချက်ကိုဖြည့်ဆည်းဖို့မြို့ပြဒေသတိုးချဲ့ခြင်းလုပ်ငန်းစဉ် (Urbanization) တွေထဲကမှ စတင်အကောင်အထည်ဖော်တဲ့စီမံကိန်း (Pilot project) တစ်ခုဖြစ်ပါတယ်။ အခက်အခဲတွေအများကြီးကြားကမှအကောင်အထည်ဖော်ခဲ့ရသလိုအခုပထမအဆင့်ပြီးတဲ့အချိန်မှာလဲပြည်သူတွေစိတ်ဝင်စားတဲ့အတွက် ဝမ်းသာမိပါတယ်။ စီမံကိန်းဒုတိယအဆင့်နဲ့တတိယအဆင့်ကိုလဲ အမြန်ဆုံး ပြီးစီးနိုင်ဖို့ကြိုးစားနေသလိုနောက်ထပ်လည်းအများပြည်သူအတွက်အကျိုးရှိမယ့် စီမံကိန်းတွေကို လုပ်ဆောင်နေပါတယ်။” ဟုပြောကြားခဲ့သည်။
House.com.mm မှ မန်နေးဂျင်းဒါရိုက်တာ   Jan Sommerfeld မှလည်း “အခုလိုအများပြည်သူအတွက် အမှန်တကယ်လိုအပ်တဲ့ကိစ္စတစ်ခုမှာHouse.com.mmအနေနဲ့ တစ်စိတ်တစ်ပိုင်းပါ၀င်ကူညီခွင့် ရလို့ ကျွန်တော်တို့ဘက်ကလည်းဝမ်းမြောက်မိပါတယ်။ မြန်မာနိုင်ငံမှာပြည်သူတွေအဖို့ အစိုးရစီမံကိန်းတွေကို သိချင်ရင်ရှာရတာမလွယ်ပါဘူး။ ကျွန်တော်တို့အနေနဲ့လည်းနောက်ပိုင်းမှာလူတွေအတွက် ပိုပြီးအထောက် အကူပြုနိုင်မယ့်၊ အကျိုးရှိစေမယ့် အကြောင်းရာတွေအတွက် ကြိုးစားသွားမှာပါ။”ဟုပြောကြားခဲ့သည်။

No comments: