Thursday, February 26, 2015

အာဆီယံနိုင်ငံများအတွင်း နည်းပညာပိုင်းဆိုင်ရာ စီးပွားရေးလုပ်ငန်းများ လွတ်လပ်စွာ ပေါင်းကူးလုပ်ကိုင်နိုင်ရန် လိုအပ်လာ




ASEAN free trade technology အတွက် ထုတ်ပြန်ခဲ့သော စစ်တမ်းအရ အာဆီယံနိုင်ငံများအတွင်း နည်းပညာလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်လိုသူ ၇၁% အထိရှိနေပြီး တိုးချဲ့လုပ်ကိုင်လိုသော လုပ်ငန်းနယ်ပယ် များစွာအတွင်း တတိယနေရာတွင် ရပ်တည်နေကြောင်း သိရသည်။ အာဆီယံနိုင်ငံများအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ဖြေဆိုခဲ့သည့် စစ်တမ်းအရ ဆောက်လုပ်ရေး၊ ပညာရေးနှင့် နည်းပညာ လုပ်ငန်းနယ်ပယ်တို့မှာ စီးပွားရေး လုပ်ငန်းချဲ့ထွင်လုပ်ကိုင်ရန် အလားအလာအရှိဆုံး လုပ်ငန်းနယ်ပယ်များဖြစ်ကြောင်း တွေ့ရှိရပါသည်။
အာဆီယံနိုင်ငံများအတွင်း နည်းပညာလုပ်ငန်းများ လွပ်လပ်စွာ ပေါင်းကူးလုပ်ဆောင်နိုင်လျှင် နည်းပညာပစ္စည်းများ တင်သွင်းခြင်း၊ ICT infrastructure များတည်ဆောက်ခြင်း၊ နည်းပညာ ကျွမ်းကျင်လုပ်သားများအတွက် အလုပ် အကိုင်အခွင့်အလမ်းများစွာ ရရှိနိုင်ခြင်း၊ အောင်မြင်ပြီးဖြစ်သော ပြည်တွင်း နည်းပညာလုပ်ငန်း အချင်းချင်း ပူးပေါင်းလုပ်ကိုင်ခြင်းဖြင့် လုပ်ငန်းချဲ့ထွင်နိုင်ခြင်း စသော အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ကြောင်း Work.com.mm ပြည်တွင်း အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်မှ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ICT infrastructure များ စတင်တိုးချဲ့ လုပ်ကိုင်လျှက်ရှိနေသည့် အချိန်တွင် အာဆီယံနိုင်ငံအချင်းချင်း ပူးပေါင်းလုပ်ကိုင်နိုင်မည်ဆိုပါက နည်းပညာကုမ္ပဏီကြီး များအပြင် အလတ်စားနှင့် အသေးစားလုပ်ငန်းများအတွက်ပါ အခွင့်အလမ်းများရရှိ နိုင်မည်ဖြစ်ပါသည်။
 လေ့လာချက်များအရ အာရှနိုင်ငံတစ်နိုင်ငံတွင် အင်တာနက် broadband penetration ၁၀% တိုးတက်လာတိုင်း နိုင်ငံ့ GDP ပျှမ်းမျှ ၁.၃% မြင့်တက်နိုင်ပြီး မိုဘိုင်း သိပ်သည်းဆ ၁၀% တိုးတက်လာပါက GDP ၀.၇% မြှင့်တင်နိုင်မည် ဖြစ်ကြောင်း သိရပါသည်။ ထို့ကြောင့် နည်းပညာလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်ခြင်းသည် နိုင်ငံ GDP တိုးတက်ရေးတွင်လည်း သက်ရောက်မှုရှိလာနိုင်ပြီး အွန်လိုင်း စီးပွားရေးလုပ်ငန်းများ ပိုမိုကျယ်ပြန့်လာနိုင်မည် ဖြစ်ပါသည်။ ဥပမာအားဖြင့် အာရှ-ပစိဖိတ် ဒေသများတွင် အင်တာနက် စီးပွာရေးလုပ်ငန်းများ ကျယ်ပြန့်စွာ ပူးပေါင်းလုပ်ကိုင်လျှက်ရှိသော Asia Pacific Internet Group ကြီးတွင် ၂၀၁၄တွင် အင်တာနက်ကုမ္ပဏီပေါင်း ဆယ်ခုဖြင့် စတင်ခဲ့သော်လည်း ယခု ကုမ္ပဏီပေါင်း ၁၄ခုတို့မှ ပူးပေါင်းပါဝင် လျှက်ရှိနေပြီ ဖြစ်ကြောင်းသိရှိရပါသည်။
“ အာရှ နည်းပညာကုမ္ပဏီအချင်းချင်း ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အဓိက အခက်အခဲကြုံနေရတာက နိုင်ငံတစ်ခုချင်းရဲ့ မတူညီတဲ့ မူဝါဒတွေ၊ ဆွဲဆောင်နိုင်မှုရှိတဲ့ ဈေးကွက်အနေအထား နည်းပါးနေတာတွေနဲ့ ပြည်တွင်း ကျွမ်းကျင်သူတွေရှားပါးတဲ့ ပြဿနာတွေပါပဲ။ Work.com.mm လို ပြည်တွင်းအတွက် အခမဲ့ အလုပ်အကိုင်ရှာဖွေနိုင်တဲ့ ၀က်ဘ်ဆိုက်တစ်ခုကိုတောင် အောင်အောင်မြင်မြင် လုပ်ကိုင်နိုင်ဖို့အတွက် အတားအဆီးမျိုးစုံ ကြုံတွေ့ခဲ့ရရင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပွားရေးအရ ပူးပေါင်းလုပ်ကိုင်နိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲမယ်ဆိုတာ ကျွန်မတို့ အားလုံးမှန်းဆ နိုင်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ပူးပေါင်းလုပ်ကိုင် နိုင်ပြီဆိုရင်လည်း အာရှနိုင်ငံတွေ အားလုံးအတွက် အကျိုးရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု Work.com.mm ၀က်ဘ်ဆိုက်မှ Country Manager ဖြစ်သူ Marta Zwierz ကပြောသည်။
မြန်မာနိုင်ငံတွင် နည်းပညာပိုင်းဆိုင်ရာ လုပ်ငန်းအမျိုးအစားပေါင်း ၅၀ ကျော်နှင့် ကုမ္ပဏီပေါင်း ထောင်ကျော် လုပ်ကိုင်လျှက်ရှိနေပြီဖြစ်ပြီး နိုင်ငံတကာ အင်တာနက် စီးပွားရေးလုပ်ငန်းများ အခြေစိုက်လုပ်ကိုင်လာကြပြီ ဖြစ်သောကြောင့် ပြည်တွင်း နည်းပညာ ကျွမ်းကျင်ဝန်ထမ်းလိုအပ်မှုမှာ မြင့်တက်လျှက်ရှိနေကြောင်း သိရှိရပါသည်။ Work.com.mm အွန်လိုင်း အလုပ်အကိုင်ရှာဖွေရေး ၀က်ဘ်ဆိုက်မှ ကောက်ယူခဲ့သော စစ်တမ်းအရ ပြည်တွင်း ကျွမ်းကျင်လုပ်သားထု၏ ၅၀% မှာ နည်းပညာနှင့် ဆက်စပ်လုပ်ငန်း မျိုးစုံတို့တွင် ၀င်ရောက်လုပ်ကိုင်လျှက်ရှိနေကြပြီး ကွန်ပျုတာနှင့် အိုင်တီ နယ်ပယ်မှာ အလုပ်အကိုင် အခွင့်အလမ်း အပေါများဆုံး နံပါတ် (၁) နေရာတွင် ရပ်တည်လျှက်ရှိကြောင်း သိရှိရပါသည်။



No comments: