Tuesday, February 24, 2015

တရုတ်နိုင်ငံ၏ ကျဆင်းနေသည့် အိမ်ခြံမြေဈေးကွက်

တရုတ်နိုင်ငံ၏ ကျဆင်းနေသည့် အိမ်ခြံမြေဈေးကွက်
မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် အကျိုးသက်ရောက်နိုင်မှု
ရန်ကုန်။         ။ ဖေဖော်ဝါရီ ၂၃ ရက် ၂၀၁၅။ နှေးကွေးနေသည့် တရုတ်စီးပွားရေး တိုးတက်မှုနှုန်းမှာ အိမ်ခြံမြေဈေုးကွက်အပေါ်တွင် အကျိုးသက်ရောက်နေပြီး ဈေးကွက်ကျဆင်းမှုများ ဖြစ်ပေါ်လျက် ရှိသည်။ ၎င်းတရုတ်အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်ပြီး အိမ်နီးချင်းနိုင်ငံ လည်းဖြစ်သည့် မြန်မာနိုင်ငံအပေါ်တွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်မည်ကို ထိပ်တန်း အွန်လိုင်းအိမ်ခြံမြေဈေးကွက်ဖြစ်သည့်House.com.mm မှ လေ့လာမှုများ ပြုလုပ်ခဲ့သည်။
ပြည့်ဝစေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးစိုးလှထွန်းမှ တရုတ် အိမ်ခြံမြေဈေးကွက် ကျဆင်းမှုနှင့် မြန်မာ့အိမ်ခြံမြေ ဈေးကွက် ဆက်စပ်မှုအပေါ် ယခုကဲ့သို့ မှတ်ချက်ပေး ပြောဆိုခဲ့ပါတယ်။ “ အိမ်နီးချင်းနိုင်ငံတစ်ခုအနေနဲ့ တရုတ်ဟာ မြန်မာနိုင်ငံအတွင်းမှာ ရင်းနှီးမြှုပ်နှံမှုအများအပြားကို ပြုလုပ်ထားပြီး တရုတ်အိမ်ခြံမြေဈေးကွက် ကျဆင်းမှုဟာ မြန်မာ့အိမ်ခြံမြေ ဈေးကွက်အပေါ်ကိုလည်း အကျိုးသက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။” ၎င်း၏ ပြောဆိုမှုကို လေ့လာကြည့်ခြင်းအားဖြင့် မြန်မာ့အိမ်ခြံမြေဈေးကွက်အတွင်းရှိ လူအများအပြားမှာ တရုတ်၏ အိမ်ခြံမြေဈေးကွက် ကျဆင်းမှုမှာ ပြည်တွင်းဈေးကွက်အပေါ် အကျိုးသက်ရောက်နိုင်သည့် အချက်များကို စောင့်ကြည့်နေကြကြောင်း သိရှိနိုင်သည်။
နိုင်ငံ၏ မြင့်မားသော စီးပွားရေးတိုးတက်မှုနှုန်း၊ အိမ်ခြံမြေဈေးကွက်အား ပြုပြင်ပြောင်းလဲမှု၊ အိမ်ခြံမြေ ဆိုင်ရာ အခွန်စနစ်အားပျော့မှုနှင့် မိသားစုများအတွက် အခြားသော ရင်းနှီးမြှုပ်နှံစရာ အခွင့်အလမ်း နည်းပါးမှုများကြောင့် အိမ်ခြံမြေဈေးကွက်သည် တရုတ်နိုင်ငံတွင်း အဓိကရွေးချယ်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ရပ် ဖြစ်လာခဲ့သည်။ တရုတ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်သည် ၁၉၉၈ ခုနှစ်ခန့်က GDP ၏ ၄ ရာခိုင်နှုန်းခန့် ရင်းနှီးမြှုပ်နှံမှု ကို ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ၁၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ၂၀၀၈ ခုနှစ် ဘဏ္ဍာရေးအကျပ် အတည်းနောက်ပိုင်းတွင် တရုတ်နိုင်ငံသည် ငွေချေးယူမှုကဏ္ဍအတွင်း စည်းမျဉ်းစည်းကမ်းများကို လျော့ချခဲ့ပြီး အကျိုးဆက်အနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများ တိုးပွားလာမှုနှင့် အိမ်ခြံမြေဈေးနှုန်း မြင့်တက်လာမှုများ ဖြစ်ပေါ်ခဲ့သည်။
ဆယ်စုနှစ်ကျော်ကြာ စီးပွားရေးတိုးတက်မှုနှုန်း မြင့်မားခဲ့သည့် တရုတ်နိုင်ငံသည် ၁၉၉၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အစိုးရ၏ သတ်မှတ်ထားသော တိုးတက်မှုနှုန်း ၇.၅ ရာခိုင်နှုန်းကို လွဲချော်ခဲ့ပြီး စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာခဲ့သည်။ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေချိန်တွင် အိမ်ခြံမြေဈေးကွက်မှာ ပိုမိုလျင်မြန်စွာကျဆင်းနေသည်။
အိမ်ခြံမြေကဏ္ဍအတွင်း ရင်းနှီးမြှုပ်နှံမှုများ များပြားလာခြင်းနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်း တိုးချဲ့မှုများကို အလွန်အကျွံ ပြုလုပ်လာသည့်နောက်ပိုင်း အိမ်ခြံမြေကဏ္ဍအတွင်း ပံ့ပိုးပေးနိုင်စွမ်းမှာ ဈေးကွက်မှ တောင်းဆိုမှုထက် အလွန်အမင်း များပြားလာခဲ့သည်။ တရုတ်မြို့ကြီးပေါင်း ၇၀ အနက် ၆၄ မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းခဲ့ပြီး ဘေဂျင်းနှင့် ရှန်ဟိုင်းမြို့ကြီး များ ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဇန်န၀ါရီလအတွင်း ဈေးနှုန်းများမှာ ၅.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၅ လ ဆက်တိုင် ဈေးနှုန်း ကျဆင်းမှု ဖြစ်သည်။ ရောင်းချရန် အတွက် ကျန်ရှိနေသော စီးပွားရေးလုပ်ငန်းသုံးနေရာမှာ ၂၀၁၃ ခုနှစ်ရှိ စတုရန်းမီတာ သန်း ၁၃၀ မှ ၂၀၁၄ ခုနှစ်တွင် စတုရန်းမီတာ သန်း ၆၂၀ အထိ များပြားလာခဲ့ ကြောင်း တရုတ်နိုင်ငံ၏ သတင်းအချက်အလက်ဆိုင်ရာ နိုင်ငံ့ဗျူရိုအဖွဲ့မှ ထုတ်ပြန်ချက်အရ သိရှိရသည်။ စီးပွားရေးလုပ်ငန်းသုံးနေရာ ရောင်းချမှုမှာ ၂၀၁၄ ခုနှစ် အတွင်း ၇.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်းကိုလည်း ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ခြင်းနှင့်အညီ တရုတ်အိမ်ခြံမြေ ကျဆင်းမှုမှ မြန်မာ့အိမ်ခြံမြေဈေးကွက်အပေါ် ရိုက်ခတ်လာမည်ကို မြန်မာ့အိမ်ခြံမြေလုပ်ငန်း ဆိုင်ရာ ကျွမ်းကျင်သူများမှ စိုးရိမ်ပူပန်လျက်ရှိသည်။ လက်ရှိကာလတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလျံကျော် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ဇန်န၀ါရီလ ၃၁ ရက်နေ့ ထုတ်ပြန်မှု အရ သိရှိရသည်။
“အခုအချိန်ကာလမှာ အဆင့်မြင့်အိမ်ယာ ဆောက်လုပ်ရေးစီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံသူတွေဟာ တရုတ်နဲ့ စင်ကာပူ-တရုတ် ကျောထောက်နောက်ခံတွေနဲ့ ပြုလုပ်နေကြတာ ဖြစ်ပါတယ်။ ဒီစီမံကိန်း တွေမှာ အစောပိုင်းကတည်းက ရင်းနှီးမြှုပ်နှံထားသူတွေဟာ တရုတ်အိမ်ခြံမြေဈေးကွက်အတွင်း ကျဆင်းမှုတွေကို ခန့်မှန်းမိကြလို့ သူတို့ရဲ့ ငွေကြေးရင်းမြစ်တွေကို အိမ်နီးချင်းနိုင်ငံမှာ အခုလို လာရောက် ရင်းနှီးမြှုပ်နှံထားကြတာပါ။ မြန်မာ့အိမ်ခြံမြေဈေးကွက်ရဲ့ ဒီစီမံကိန်းတွေသာ အခြေအနေ ကောင်းမွန်နေခဲ့မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ မြန်မာ့အိမ်ခြံမြေဈေးကွက်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဝင်ရောက်လာနိုင်ပါတယ်။ တကယ်လို့ နိုင်ငံခြားသားတွေအနေနဲ့ အိမ်ခြံမြေ ၀ယ်ယူခွင့် ပေးလိုက်ပြီဆိုရင် တရုတ်တွေအနေနဲ့ မြန်မာနိုင်ငံကို စိတ်လှုပ်ရှားဖွယ်ရာ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းအဖြစ် မြင်လာကြပါလိမ့်မယ်” ဟုHouse.com.mm ၏ Country Manager ဖြစ်သူ Jan Sommerfeld မှ တရုတ် အိမ်ခြံမြေ ကျဆင်းမှု နှင့် မြန်မာ့အိမ်ခြံမြေဈေးကွက် ဆက်စပ်နေမှု များကို ပြောကြားခဲ့သည်။
သို့ရာတွင် Mr. SommerFeld မှ မြန်မာ့အိမ်ခြံမြေဈေးကွက်နှင့် ပတ်သက်ပြီး ယခုကဲ့သို့လည်း သတိပေး ပြောဆိုမှုကို ပြုလုပ်ခဲ့သည်။ “ဒါပေမယ့်လည်း ဒီလိုတရုတ်အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကနေ အိမ်ခြံမြေဟာ လုံခြုံတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်စရာ အခွင့်အလမ်းဆိုတဲ့ ယုံကြည်မှုကို ပပျောက်စေခဲ့မယ်ဆိုရင် လူတွေဟာ သူတို့ရဲ့ ငွေကြေးတွေကို အိမ်ခြံမြေကဏ္ဍအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့်အစား စတော့ရှယ်ယာ၊ ရွှေ စတဲ့ အခြားသော နေရာတွေမှာ ရင်းနှီးမြှုပ်နှံပါလိမ့်မယ်။”

No comments: