Tuesday, February 24, 2015

ဆိုလာစွမ်းအင်သုံးလေယာဉ်ဖြင့် မြန်မာနိုင်ငံတွင် စွမ်းအင်ကဏ္ဍ၏ တီထွင်ဆန်းသစ်မှုအကြောင်း အားပေးလှုံ့ဆော်


မြန်မာနိုင်ငံ အစိုးရ နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးတို့အတူပူးပေါင်းမှုဖြင့်
ပထမဦးဆုံးအကြိမ် ကမ္ဘာပတ်မည့် ဆိုလာလေယာဉ် မြန်မာပြည်သို့ ရောက်ရှိမည်
မန္တလေးမြို့သို့ မတ်လ အစောပိုင်းတွင် ဆိုက်ရောက် ရပ်နားမည်

ရန်ကုန်မြို့၊ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၂၄ရက် - ပထမဦးဆုံး အကြိမ် အဖြစ် ကမ္ဘာပတ်မည့် ဆိုလာလေယာဉ် ဖြစ်သည့် Solar Impulse 2 (Si2) သည် လူငယ်များအကြား စွန့်ဦးတီထွင်မှု နှင့်  ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ကဏ္ဍများ အတွက် စိတ်အားထက်သန်မှု စိတ်ဓါတ်တို့ကို ပိုမိုအားကောင်းလားစေရန်အတွက် စွမ်းအင် နှင့် တီထွင်ဆန်းသစ်မှု နည်းပညာတို့အား မြန်မာနိုင်ငံတွင် အားပေးလှုံ့ဆော်သွားမည်ဖြစ်ပါသည်။ လောင်စာဆီ တစ်စက်မှ အသုံးမပြုဘဲ ဆိုလာစွမ်းအင်တစ်ခုတည်းဖြင့် နေ့ရော ညပါ ပျံသန်းနိုင်သည့် အဆိုပါလေယာဉ်သည် မြန်မာနိုင်ငံ မန္တလေးမြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မတ်လ(၁၀)ရက်နေ့တွင်[1] ဆိုက်ရောက် ဆင်းသက်မည် ဖြစ်ပါသည်။

ကီလိုမီတာ ၃၅,၀၀၀ (မိုင်ပေါင်း ၂၂၀၀) ကို (၅)လတာ ပျံသန်းသွားမည့် ခရီးစဉ်ကို မတ်လ အစောပိုင်းတွင် အဘူဒါဘီမြို့မှ စတင်ထွက်ခွာမည် ဖြစ်ပြီး အဆိုပါ Si2 ၏ လေးခုမြောက် ရပ်နားရာ အဖြစ် မြန်မာနိုင်ငံ မန္တလေးမြို့တွင် (၃)ရက်တာ ဆိုက်ရောက် ရပ်နားသွားမည် ဖြစ်ပါသည်။ အရှေ့တောင် အာရှနိုင်ငံများအနက် မြန်မာနိုင်ငံတွင်သာလျှင် ဆိုက်ရောက် ရပ်နားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အစိုးရ သည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံရုံးနှင့် Solar Impulse တို့နှင့်အတူလက်တွဲပြီး အခုလို မြန်မာနိုင်ငံတွင် ဆိုက်ရောက် ရပ်နားနိုင်ရန်အတွက် ပြည်တွင်းမိတ်ဖက် အဖွဲ့အစည်း ဖြစ်သည့် First Myanmar Investment Co. Ltd. (FMI) နှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သည့် Schindler နှင့် ABB တို့သည် ပါဝင်ပူးပေါင်းကူညီခဲ့ကြပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းတွင် တက်လှမ်းရောက်ရှိနေပြီဖြစ်သော မြန်မာနိုင်ငံသို့ Solar Impulse 2 ၏ လာရောက်လည်ပတ်ခြင်းသည် သမိုင်းဝင် မှတ်တိုင်တစ်ခုဖြစ်ပြီး ရေရှည်တည်တံကာ တီထွင်ဆန်းသစ်မှု စွမ်းအင် ကဏ္ဍနှင့် ပတ်သတ်ပြီး လူအများပိုမို သတိပြုမိစေမှာလည်း ဖြစ်ပါသည်။ မန္တလေးမြို့တွင် ရပ်နားစဉ်အတွင်း တက္ကသိုလ်များမှ ကျောင်းသား ကျောင်းသူ အယောက် ၁၀၀၀ခန့်သည် ပညာရပ်ဆိုင်ရာလေ့လာဆည်းပူးချိန်များ သာမက လေယာဉ်မှုးများနှင့် တွေ့ဆုံကာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် နှင့် ပတ်သတ်ပြီး ဗဟုသုတများလည်း ရရှိနိုင်ရန် လေ့လာနိုင်မည်ဖြစ်ပါသည်။ အများပြည်သူများ အဆိုပါ ဆိုလာလေယာဉ်ကို အနီးကပ် လေ့လာကြည့်ရှုနိုင်မည့် ရက်များနှင့် အချိန်များကို လေယာဉ်ဆိုက်ရောက်ရန်နီးကပ် လာမည့် ရက်များတွင် ထပ်မံကြေညာပေးသွားမည် ဖြစ်ပါသည်။

“ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သမ္မတဦးသိန်းစိန်၊ အစိုးရအဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံကလူတွေရဲ့ အားပေးကူညီမှုတွေနဲ့ကြောင့်ပဲ ဒီနိုင်ငံအတွက် သာမက စွမ်းအင်ကဏ္ဍ နဲ့ ကမ္ဘာ့တစ်ဝှမ်းက တီထွင်ဖန်တီးသူတွေ အတွက် သမိုင်းဝင်နေ့ရက်ကို ရောက်လာဖို့ ရက်သတ္တပတ် အနည်းငယ်ပဲ လိုပါတော့တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် သံအမတ်ကြီး Mr. Christoph Burgener ကဆိုပါသည်။ “ဒီစိတ်ကူး အကြံဥာဏ်က ဆွန်ဇာလန် နိုင်ငံမှာ သန္ဓေတည်ခဲ့ပြီးတော့ Solar Impulse အနေနဲ့ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ အရာအတွက် အဖြေရှာပေးခဲ့ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်းဟာ အင်မတန် သာလွန်ကောင်းမွန်တဲ့ ရလာဒ်တွေ ရရှိနိုင်တယ်ဆိုတာ ပြောပြပေးခြင်းဖြစ်တယ်။ အလားတူပင်ဲ မြန်မာနိုင်ငံ အနေနဲ့ အားလုံးအတူတကွ လက်တွဲလုပ်ဆောင်ကြတဲ့အခါ အင်မတန်ထွန်းလင်းတောက်ပတဲ့ အနာဂတ်ကို ဖန်တီးတည်ဆောင်နိုင်မှာပါ” ဟုဆိုပါသည်။

“Solar Impulse ရဲ့ တွဲဖက်လေယာဉ်မှုးများနဲ့ တည်ထောင်သူတွေဟာ မြန်မာနိုင်ငံနဲ့ ကမ္ဘာတစ်ဝှမ်းက လက်ရှိနဲ့ အနာဂါတ် မျိုးဆက်သစ်တွေကို သူတို့ဘဝရဲ့ စိတ်ဝင်စားရာတွေကို လေ့လာအဖြေရှာဖို့  စိတ်ဓါတ်ခွန်အား ပေးနိုင်  မှာပါ” ဟု FMI ၏ Chief Operating Officer ဖြစ်သူ ဦးလင်းမြိုင်က ဆိုပါသည်။ “ကျွန်တော်တို့ တိုင်းပြည်ဟာ သဘာဝ သယံဇာတတွေ အင်မတန် ပေါကြွဝတဲ့ အလျှောက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုတာဟာ လက်တစ်ကမ်း အကွာမှာပဲ ရှိနေမှာပါ။ တိုင်းပြည်ရဲ့ တိုးတက်အောင်မြင်မှုဟာ ရှေရည်တည်တံမယ့် စွမ်းအင်ကို အားပေးနိုင်တဲ့ နည်းပညာတွေရဲ့ တိုးတက်မှု အပေါ် အများကြီး မှီတည်နေပါတယ်။ Solar Impulse 2 ဟာဖြင့် ကျွန်တော်တို့ကို မဆုတ်မနစ်သော ဇွဲလုံ့လ နဲ့ စိတ်ကူးအကြံဥာဏ်တို့ကြောင့် ဒီလိုတီထွင်ဖန်တီးမှုတွေ နဲ့ နည်းပညာတွေကို ရရှိနိုင်တယ်ဆိုတာ အမှတ်ရစေပါတယ်။”

ဆွစ်ဇာလန် လူမျိုး လေယာဉ်မောင်းသူများ ဖြစ်ကြတဲ့ Bertrand Piccard နှင့် André Borschberg တို့ နှစ်ဦးစလုံးဟာ ရှေ့ဆောင် စွန့်ဦးသူများနှင့် ဆန်းသစ်တီထွင်ကြသူများ ဖြစ်သည့်အလျောက် Solar Impulse အကောင်အထည်ပေါ်လာနိုင်စေရန်အတွက် အဓိက ပဲ့ကိုင်သူများဖြစ်ပြီး လေ့လာတီထွင်မှုများနှင့် ရှေ့ဆောင်စွန့်ဦး ဆန်းသစ်မှုတို့သည် ကမ္ဘာကို ပြောင်းလဲစေနိုင်ကြောင်းကို ခိုင်ခိုင်မာမာ ယုံကြည်ထားကြသူများ လည်းဖြစ်ပါသည်။ (၁၂) နှစ်ကြာ စီစဉ်ဖန်တီး တည်ဆောက်ခဲ့ပြီးနောက် အဆိုပါလေယာဉ်သည် စတင်ထွက်ခွာရာဖြစ်သည့် အဘူဒါဘီမြို့သို့ နောက်ဆုံး ပြန်လည်မရောက်ရှိခင် အာရေးဗီးယံ ပင်လယ်၊ အိန္ဒီယ၊ မြန်မာ၊ တရုတ်၊ ပစိဖိတ် သမုဒ္ဒရာ၊ အမေရိကန် ပြည်ထောင်စု၊ အတ္တလန်တိတ် သမုဒ္ဒရာ နှင့် ဥရောပတောင်ပိုင်း သို့မဟုတ် အာဖရိက မြောက်ပိုင်းတို့ကို ပျံသန်းကာ ဖြတ်သန်းသွားမည် ဖြစ်ပါသည်။

“မြန်မာနိုင်ငံက အစိုးရ တာဝန်ရှိသူများနှင့် ကျွန်တော်တို့ရဲ့ လက်တွဲဖော်တွေဟာ သန့်စင်တဲ့ နည်းပညာတွေ ရဲ့ အရေးပါပုံကို ကောင်းစွာ သတိပြုမိကြပါတယ်။ ကျွန်တော် Orbiter 2 နဲ့ မြန်မာနိုင်ငံမှာ ပျံသန်းခဲ့တုန်းက အချိန်တွေကို မှတ်မိနေတုန်းပါပဲ။ အတွင်းစိတ် ဆိတ်ငြိမ်အေးချမ်းမှု နဲ့ ပညာဥာဏ်တွေရဲ့ ပြယုဒ်ဖြစ်တဲ့ စေတီပုထိုးကျောင်းကန် တွေအပေါ်မှာ ပျံသန်းရတာ အလွန်ခမ်းနားတဲ့ ပျံသန်းမှု တစ်ခုဖြစ်ခဲ့ပါတယ်” ဟု Solar Impulse ၏ ပူးတွဲတည်ထောင်သူနှင့် လေယာဉ်မှုးဖြစ်သည့် Bertrand Piccard ကဆိုပါသည်။ “Solar Impulse ဆိုတာကလည်း အတူလက်တွဲ ဆောင်ရွက်ခြင်းဟာ ဒီကမ္ဘာက လက်ရှိနဲ့ အနာဂတ် မျိုးဆက်သစ်တွေကို နိုးကြာလှုံဆော်ပေးဖို့ အတူလက်တွဲဆောင်ရွက်မှုတစ်ခုရဲ့ ရလာဒ် တစ်ခုဖြစ်တဲ့အတွက် ကျွန်တော်ကတော့ FMI က စီစဉ်ပေးမယ့် မန္တလေးက ကျောင်းသားတွေနဲ့ ဆုံတွေရဖို့ကို စောင့်မျှော်နေပါတယ်” ဟု Solar Impulse အား ပူးတွဲတည်ထောင်သူ နှင့် လေယာဉ်မှုးနောက်တစ်ဦး ဖြစ်သည့် André Borschberg ကထပ်မံဖြည့်စွတ် ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့ဟာ လူသားတွေ စွမ်းအင်အနည်းဆုံးကို အသုံးပြုပြီး ဆန်းသစ်တဲ့နည်းပညာတွေကို တီထွင်နိုင်ရန် ကန့်သတ်ချက်ဘောင်တွေကို ကျော်လွန်နိုင်ဖို့အတွက် ကြိုးစားနေတဲ့ ရည်မှန်းချက်တွေ တူတဲ့ Solar Impulse နဲ့ အဓိကလက်တွဲဖော်များထဲက တစ်ဦး ဖြစ်ရတဲ့အတွက် အင်မတန် ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။ မြန်မာပြည်မှာ ၁၉၉၉ ကတည်းက လုပ်ငန်းတွေ စတင်ခဲ့တဲ့ ကျွန်တော်တို့ ကုမ္ပဏီဟာ ဒီလေယာဉ်ကြီးကို မြန်မာပြည်မှာ ကြိုဆိုဖို့နဲ့ ဒီခမ်းနားတဲ့ ခရီးစဉ်ရဲ့ လုပ်ငန်းအဖွဲ့မှာ ပါဝင်ခွင်ရတဲ့အတွက် ဝမ်းသာပါတယ်” ဟု Schindler Myanmar ၏ အထွေထွေမန်နေဂျာဖြစ်သူ Willis Phua မှဆိုပါသည်။

“ABB ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ “စွမ်းအားနှင့် ထုတ်လုပ်မှုတို့ဖြင့် ပိုမိုကောင်းမွန်သော ကမ္ဘာအတွက်” ဖြစ်တဲ့အလျောက် Solar Impulse ရဲ့ မြန်မာပြည်မှာ ရပ်နားမှုဟာ ကျွန်တော်တို့အတွက် အင်မတန် အရေးပါပါတယ်။ ABB နှင့် Solar Impulse တို့ နှစ်ဦးစလုံးဟာ အနာဂါတ် စွမ်းအင်စိန်ခေါ်မှုတွေအတွက် ဆန်းသစ်တဲ့ နည်းလမ်းတွေနဲ့ ပိုမိုကောင်းမွန်တဲ့အဖြေရှာဖို့ ကြိုးပမ်းနေကြတာခြင်း အတူတူဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေ ပေါ်ထွန်းလာနေတဲ့ အလျောက် နောင်လာမယ့် မျိုးဆက်သစ်တွေ အတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ကျန်ရှိနေဖို့အတွက် အခွင့်အလမ်းတွေနဲ့ပါတ်သတ်ပြီး ဆုံးဖြတ်မှုတွေ လုပ်ရမယ့် အချိန်လည်း ဖြစ်ပါတယ်" ဟု ABB ၏ စင်ကာပူ နှင့် အရှေ့တောင် အာရှဒေသတို့၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သူ Mr.Johan de Villiers ကဆိုပါသည်။ ဆက်လက်ပြီး “စွမ်းအင်ကို ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်ဖို့ လူအများ သိရှိလာအောင် ဆောင်ရွက်ဖို့ ကျွန်တော်တို့ အနေနဲ့ လိုအပ်ပါတယ်။ အခု Solar Impulse ကတော့ ဒီအမှာစကားကို တစ်ကမ္ဘာလုံးက လူအများဆီသို့ သယ်ဆောင်ပေးသွားတော့မှာပဲ ဖြစ်ပါတယ်” ဟုဆိုပါသည်။

No comments: