Thursday, January 28, 2016

ဝင်ငွေခွန်ကိစ္စနှင့် CIF တန်ဖိုး တရားဝင်ထွက်ပေါ်လာခြင်း မရှိသေးသဖြင့် ကားအရောင်းအဝယ်အေးစက်နေ


    ၂၀၁၆ အတွက် ကားတင်သွင်းရမည့် မူဝါဒများ အတည်ပြုထုတ်ပြန်ပြီးနောက်ပိုင်း ၂၀၁၆ ဇန်နဝါရီလဆန်း ပိုင်းအထိ ပြည်တွင်းကားစျေးကွက်အတွင်း အရောင်းအဝယ်အေးလျက်ရှိပြီး နံပါတ်ထွက်ပြီး ကားအဟောင်းများနှင့် ၁၃၀၀ စီစီ ကားလေးများသာ အရောင်းအဝယ်ပြန်ဖြစ်လာသည်ကို တွေ့ရသည်။

    ၂၀၁၆ တွင် တင်သွင်းခွင့်ပြုမယ့် Model Year တွေကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သော်လည်း ဆိပ်ကမ်း ရောက် CIF တန်ဖိုးများ တရားဝင်ထွက်ရှိလာခြင်းမရှိသေးသည့်အပြင် ကားတင်သွင်းခွင့်ပါမစ်လျှောက်လို့ မရသေး သည့်အတွက် ကားတင်သွင်းမှုများပြုလုပ်နိုင်ခြင်းမရှိသေးပဲ ကားစျေးကွက်ကို စောင့်ကြည့်နေဆဲ အခြေအနေတွင် ရှိပြီး အရောင်းအဝယ်အေးနေခြင်းဖြစ်သည်။
“ မူဝါဒအပြောင်းအလဲများပြီး CIF မထွက်သေးတော့ ကားလည်းသွင်းလို့ မရသေးတဲ့အတွက် စျေးကွက်ကို စောင့်ကြည့်နေကြတဲ့ သဘောရှိတယ်။ အရောင်းအဝယ်ပါးပြီး စျေးကလည်း အတက်စျေးနဲ့ တန်းနေတယ်။ ဥပမာ - Honda Fit 2011 မော်ဒယ်ကို အရင်နှစ်ကဆို သိန်း ၁၁၀ ဝန်းကျင်နဲ့ရနိုင်ပေမယ့် ဘယ်မောင်းမူဝါဒဖြစ်မယ် ဆို တော့ သိန်း ၁၅၀ လောက်အထိ တက်သွားတယ်။ အခု ကားမူဝါဒအတည်ဖြစ်သွားချိန်မှာတော့ သိန်း ၁၅၀ ကနေ သိန်း ၁၄၀ ဝန်းကျင်လောက်အထိ ပြန်ကျသွားပြီး ၁၃၅ သိန်းလောက်မှာ အရောင်းအဝယ်ဖြစ်နေပါတယ် ” ဟု ၀ါရင့်ကားဝယ်ရောင်းတစ်ဦးဖြစ်ပြီး Motors.com.mm ၏ Head of Communications လည်းဖြစ်သူ ကိုညိုသွေးနိုင်က ပြောကြားသည်။
    သို့သော်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA) နှင့် ကားသစ်တင်သွင်းဖြန့်ချိသူများအသင်း(AADA) တို့၏ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ဆိပ်ကမ်းရောက် စည်းကြပ်တန်ဖိုး (CIF) နှင့် ပက်သက်သည့် အစည်း အဝေးတွင် ၂၀၁၆ အတွက် လျာထားဆိပ်ကမ်းရောက်စည်းကြပ်တန်ဖိုးများကို သဘောတူချမှတ်နိုင်ခဲ့သည်။ ထို့ကြောင့် မကြာမီကာလတွင် ဆိပ်ကမ်းရောက်တန်ဖိုးများကို ထုတ်ပြန်ပေးနိုင်မည် ဖြစ်သည့်အတွက် ဇန်နဝါရီလ ကုန်ခန့်မှ စတင်၍ ကားတင်သွင်းမှုများပြန်လည်ပြုလုပ်လာဖွယ်ရှိပြီး လာမည့် ဖေဖော်ဝါရီလမှ စတင်ကာ ကားစျေးကွက်ပုံမှန်အရောင်းအဝယ်ပြန်ဖြစ်နိုင်ကြောင်း Motors.com.mm ၏ Managing Director ဖြစ်သူ Ms.Rianne Roggema က သုံးသပ်သည်။
ထို့ပြင် လက်ရှိကားစျေးကွက်နှင့် ပက်သက်၍ “ အဝယ်က ရှိတယ်။ ဒါပေမယ့် စျေးတွေက အရင်ကထက် သိန်း ၃၀-၂၀ လောက်များနေတောစျေးမေးတဲ့ အဆင့်လောက်ပဲ ရှိပြီး အရောင်းအဝယ်သိပ်မဖြစ်လှဘူး။ နံပါတ် အဟောင်းကားတွေနဲ့ ၁၃၀၀ စီစီကားလေးတွေမှာတော့ အရောင်း အဝယ်ပါးပါးဖြစ်တယ်။ အွန်လိုင်းမှာလည်း အရောင်းအဝယ်အေးနေတယ် ” ဟု Motors.com.mm ၏ Head of Content ကိုမြတ်သူထွန်းက ပြောသည်။

No comments: