Monday, September 7, 2015

မြန်မာနိုင်ငံတွင် ကားဝယ်ရန် ရှာဖွေမှုအများဆုံးမှာ ဆီဒင်/ဆလွန်းကားအမျိုးအစားဖြစ်သည်



ရန်ကုန်၊ မြန်မာ ။ ။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၁၄ ခုနှစ်က ပထမဆုံးအကြိမ်အဖြစ် ကားသစ်စျေးကွက်အတွင်း လမ်းကြမ်းသွား SUV နှင့် Crossover Vehicles (CUVs) များက ဆီဒင်/ဆလွန်းကားများထက် ၃၆.၅ ရာခိုင်နှုန်း ပိုမို သာလွန်စွာ ရောင်းချနိုင်ခဲ့သည်။ ရိုးရိုးပုံမှန်တံခါးလေးပေါက်ဆီဒင်ကားများက ကမ္ဘာ့ကားစျေးကွက်အသီးသီးတွင် ဆယ်စုနှစ်တစ်ခုနီးပါး လွှမ်းမိုးထားသော်လည်း အနောက်တိုင်းတွင်မူ အဆိုပါကွာဟချက်မှာ ကျဉ်းမြောင်းလာလျက် ရှိသည်။

နိုင်ငံတကာနှင့်အပြိုင် မြန်မာနိုင်ငံတွင်လည်း ယင်းကွာဟချက် အပြောင်းအလဲရှိမရှိကို သိရှိနားလည်နိုင်ရန် အွန်လိုင်းမော်တော်ယာဉ်အရောင်းအဝယ်စျေးကွက်ဖြစ်သည့် Motors.com.mm သည်  ပြီးခဲ့သည့် နောက်ဆုံးသုံးလ အတွင်းရှိ ထောင်ပေါင်းများစွာသော ကားစာရင်းများအပေါ် အခြေတည်ပြီး လေ့လာဆန်းစစ်မှုများ ပြုလုပ်ခဲ့ပါသည်။ လမ်းကြမ်းသွား SUV ရောင်းအားမှာ မြောက်အမေရိကတိုက်ပြင်ပ အထူးသဖြင့် အာရှဒေသတွင် လာမည့် လေးနှစ် အတွင်း ၄၀ ရာခိုင်နှုန်း ကျော်တိုးတက်လာမည် ဖြစ်ကြောင်း လက်ရှိစာရင်းအချက်အလက်များက ပြသနေသည်။

Motors.com.mm ၏ အချက်အလက်များအရ အာရှဒေသရှိ ကားဝယ်သူများမှာ ဆီဒင်/ဆလွန်းကားများကို အများဆုံးရှာဖွေလေ့ရှိရသည်။ အထူးသဖြင့် မြန်မာနိုင်ငံရှိ ကားဝယ်ယူသူ ၅၉ ရာခိုင်နှုန်းသည် ဆီဒင်/ဆလွန်းကား များကို အများဆုံးရှာဖွေလေ့ရှိကြသည်။ အခြားနိုင်ငံများဖြစ်သည့် သိရီလင်္ကာ ( ၅၇ ရာခိုင်နှုန်း)၊ ဘင်္ဂလားဒစ်ရှ် (၅၁ ရာခိိုင်နှုန်း)၊ ပါကစ္စတန်( ၅၀ ရာခိုင်နှုန်း) နှင့် အင်ဒိုနီးရှား(၃၈ ရာခိုင်နှုန်း) စသဖြင့် ဆီဒင်/ဆလွန်းကားများကို အသီးသီးရှာဖွေလျက်ရှိကြသည်။ ထို့ကြောင့် အာရှသားများ၏ ဆီဒင်ကားများအပေါ် ကြိုက်နှစ်သက်ကြသည့် အလေ့အထမှာ လုံးဝပြောင်းလဲမည် မဟုတ်ချေ။ သို့သော် ဖိလစ်ပိုင်ရှိ ကားဝယ်ယူရန် ရှာဖွေသူ ၂၅ ရာခိုင်နှုန်းသည် လမ်းကြမ်းသွား SUV ကားများကို ရှာဖွေကြပြီး ဆီဒင်/ဆလွန်းကားအမျိုးအစားကိုမူ ၁၉ ရာခိုင်နှုန်းသာ ရှာဖွေကြ သည်။ ထို့ကြောင့် ဆီဒင်/ဆလွန်းများအစား လမ်းကြမ်းသွား SUV ကားများအား ကြိုက်နှစ်သက်မှုမှာ ဖြည်းဖြည်း မှန်မှန် ပြောင်းလဲလာမည့် အလားအလာရှိ နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ဆီဒင်/ဆလွန်းကားအမျိုးအစားများကို ပိုမိုကြိုက်နှစ်သက်ကြခြင်းနှင့် ပက်သက်၍ Motors.com.mm ၏ Managing Director Ms.Rianne Roggema က “ မြန်မာနိုင်ငံမှာ ဆီဒင်/ဆလွန်းကားတွေကို ကြိုက်နှစ်သက်ကြတာ မဆန်းပါဘူး။ ကားတင်သွင်းဖို့ ခက်ခဲတဲ့အပြင် စျေးကြီးလွန်းပြီး ရွေးချယ်စရာမရှိခဲ့တဲ့ အခြေအနေမျိုးကို မြန်မာနိုင်ငံက ကားဝယ်သူတွေဟာ ဖြတ်သန်းခဲ့ကြပါတယ်။ ဒါ့အပြင် အရင်အချိန်တုန်းက SUV ကားတွေဖြစ်တဲ့ Landcruiser , Prado , Pajero , Surf တွေဆိုတာ သိန်းထောင်ချီ တန်ဖိုးရှိခဲ့လို့ ဆလွန်းကားတွေကို ပို၀ယ်ကြပါတယ်။ ဒီအလေ့အထက မူဝါဒတွေ ပြောင်းလဲပြီးလို့ ကားစျေးတွေ လျော့တဲ့အချိန်ထိ အနည်းငယ်ရှိနေပါ သေးတယ်။ ဒါပေမယ့်လည်း ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ လမ်းတွေပေါ်မှာ ကားအမျိုးအစား စုံစုံလင်လင်တွေ့နေရပါပြီ။ Toyota Kluger , Toyota RAV 4 ,Toyota Harrier , Honda CR-V , Nissan Juke , Mitsubishi RVR စတဲ့ လမ်းကြမ်းမောင်း SUV တွေအသစ်ဝင်လာတာ မျက်မြင်ပါပဲ။ နောင်မှာလည်း လမ်းကြမ်းမောင်း SUV တွေအပေါ် စိတ်ဝင်စားမှုတိုးမြင့်လာပြီး ၀ယ်လိုအားပိုများလာမယ်လို့ ထင်ပါတယ် ” ဟု မှတ်ချက်ပြုသည်။

အာဖရိကတိုက်တွင်လည်း ဆီဒင်/ဆလွန်းကားများမှာ အလွန်လူကြိုက်များသည်။ နိုင်ဂျီးရီးယားတွင် ဆီဒင်/ဆလွန်းကားများကို ကားဝယ်ရန်ရှာဖွေမှု ၅၅ ရာခိုင်နှုန်း ရှိခဲ့ပြီး အာဖရိကဒေသအတွင်း အမြင့်ဆုံး ဖြစ်သည်။ ဂါနာနိုင်ငံတွင် အနည်းငယ်ခြားနာမှုရှိပြီး ၄၁ ရာခိုင်နှုန်းမှာ လမ်းကြမ်းသွား SUV ကားများကို လည်းကောင်း၊ ၃၅ ရာခိုင်နှုန်းမှာ ဆီဒင်/ဆလွန်းကားများကို လည်းကောင်း ရှာဖွေဝယ်ယူကြသည်။

အရှေ့အလယ်ပိုင်းဒေသတွင်မူ ဆီဒင်/ဆလွန်းနှင့် လမ်းကြမ်းသွား SUV ကားများ၏ စျေးကွက်ဝေစုရရှိမှု အခြေအနေမှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက အမေရိကန်နိုင်ငံ ကားစျေးကွက်အတိုင်း အားပြိုင်လျက်ရှိပြီး မတိမ်းမယိမ်းအခြေအနေတွင် ရှိသည်။ ယူအေအီးတွင် ကားဝယ်ယူရန် ရှာဖွေမှု ၃၉ ရာခိုင်နှုန်းမှာ ဆီဒင်/ဆလွန်းကား များဖြစ်ပြီး ၃၃ ရာခိုင်နှုန်းမှာမူ ကိုယ်ထည်ကြီးမားသည့် ကားများ( Estate, Crossover, SUV, Van နှင့် Minivan) များ ကို ရှာဖွေကြသည်။ ကာတာနိုင်ငံတွင်လည်း ကားဝယ်ရန် ရှာဖွေမှု ၄၀ ရာခိုင်နှုန်းနီးပါးမှာ ဆီဒင်/ဆလွန်းကားများ ဖြစ် ပြီး ၃၇ ရာခိုင်နှုန်းမှာမူ အရွယ်အစားကြီးမော်တော်ယာဉ်များဖြစ်သည်။ ထူးခြားချက်အဖြစ် ဆော်ဒီအာရေဗျနိုင်ငံတွင်မူ ကားစျေးကွက်အတွင်း ၀ယ်လိုအားမှာ လမ်းကြမ်းသွား SUV ကားများက ဦးဆောင်နေသည်။ SUV များကို ရှာဖွေမှု ၃၇ ရာခိုင်နှုန်းရှိပြီး ဆီဒင်/ဆလွန်းကားများကိုမူ ၃၀ ရာခိုင်နှုန်းကသာ ၀ယ်ယူရန်စိတ်ဝင်တစားဖြင့် ရှာဖွေကြသည်။

No comments: